ရန်ကင်း မေ ၄
သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ထားသဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်၊ လူကုန်ကူးခံရမှု ပုံစံအမျိုးမျိုးမှ ကင်းဝေးစေရန် ရည်ရွယ်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအတွက် လူကုန်ကူးမှု အန္တရာယ်နှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို အများပြည်သူသို့ အသိပညာပေးခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ သင်တန်းများပေးနိုင်ရေးဆောင်ရွက်ခြင်း၊ လူကုန်ကူးခံရသူများ၊ အထူးသဖြင့် အမျိုးသမီးနှင့်ကလေးငယ်များအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ခြင်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း အသိပညာပေး ဆွေးးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဦးရဲမင်းစိုး(တရားလွှတ်တော်ရှေ့နေ) စာရေးဆရာ မောင်မောက်(ဝတ်လုံ)က လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေများနှင့်ပတ်သက်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ နိုင်ငံသားအားလုံးပူးပေါင်းဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာများပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးမှုခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် အားလုံးပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ပြီး လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ ကြီးထွားလာခြင်းအကြောင်းအရင်းဖြစ်သည့် အဂတိလိုက်စားမှုကို ထိရောက်စွာတားဆီးခြင်း၊ လူမှောင်ခို ပွဲစားများအား စောင့်ကြည့်၍ လိုအပ်သလို အရေးယူခြင်းများကို ဆောင်ရွက်ခြင်း၊ လူကုန်ကူးမှု ကျူးလွန်သူများကို ထိရောက်သော ပြစ်ဒဏ်ချမှတ်ခြင်း စသည့် ဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက် နာဆောင်ရွက်နိုင်ရန် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ ဆက်)