မရမ်းကုန်းမြို့နယ် MCC ခန်းမ၌ တိုင်းကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံအဝေးပြေးကုန်တင် ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းအသင်းတို့ ပူးပေါင်း၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်- ၁၉ ရောဂါ ကျန်းမာရေးစစ်ဆေးပေးလျက်ရှိသည့်နေရာသို့ သွားရောက်ကြည့်ရှု

မရမ်းကုန်း အောက်တိုဘာ ၅


ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ ဝင်/ထွက်ရာတွင် ကုန်စည်စီးဆင်းမှု မရပ်တန့်စေရန်နှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မရမ်းကုန်း မြို့နယ် MCC ခန်းမ၌ တိုင်းကျန်းမာရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံအဝေးပြေးကုန်တင်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းအသင်းတို့ ပူးပေါင်း၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်- ၁၉ ရောဂါ ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိရာ အဆိုပါနေရာသို့ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ တိုင်းကျန်းမာရေးဦးစီးမှူး ဦးထွန်းမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်နှင့် တာဝန်ရှိသူ များမှ သွားရောက်ကြည့်ရှုခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရာတွင် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်များ အတိုင်း ကိုက်ညီစွာ ဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရ သည်။
အေးအေးအောင်(ပြန်/ဆက်)