သံတွဲ မေ ၄
ရခိုင်ပြည်နယ်၊ သံတွဲမြို့ ကဆုန်ညောင်ရေသွန်းပွဲတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ ၄ နာရီက လေးမျက်နှာကုန်းတော်ရှိ ဗောဓိညောင်ပင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ ၊ မြို့မိမြို့ဖများ စုစုပေါင်းအင်အား(၅၀၀)ခန့်သည် ဒွါရာဝတီခန်းမတွင် စုရပ်ပြုလုပ်၍ ညနေ ၄ နာရီအချိန်တွင် ရခိုင်မင်္ဂလာစည်တော်များတီးခတ်၍ ဗိုလ်ချုပ်လမ်းအတိုင်း စည်ကားသိုက်မြိုက်စွာ စီတန်းလှည့်လည်၍ လေးမျက်နှာကုန်းတော်သို့ သွားရောက်ခဲ့ကြသည်။
ဆက်လက်၍ လေးမျက်နှာကုန်းတော် မဟာဗောဓိပင်အား ဝိုင်းရံလျက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွက်ဆိုဘုရားကန်တော့ပြီး မဟာဗောဓိပင် လက်ယာရစ် လှည့်လည်ပူဇော်ကြကာ အမွှေးနံ့သာများဖြင့် ကဆုန်ညောင်ရေသွန်းလောင်း ကုသိုလ်ယူခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွက်ဆိုဆုတောင်း၍ အောင်မြင်စွာ ပြီးမြောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)