မန္တလေး မေ ၄
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ ဗဟိုအကျဥ်းထောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၃-၅-၂ဝ၂၃ ရက်စွဲပါ အမိန့်အမှတ် ၊ ၃၁/၂၀၂၃ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်ကောင်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁(၁) အရအကျဥ်းသား/သူများအား လွတ်ငြိမ်းသက်သာခွင့်ပြုသည့် အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်၊ အောင်မြေသာစံခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မိုး၊ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ အောင်မြေသာစံမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဒုဦးစီးမှူး ဦးစိုးသူရိန်ဖြိုး၊ အ ထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မျိုးလတ်၊ မန္တလေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်း၊ အကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးချွန်နှင့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ လွတ်မြောက် အကျဉ်းသား/သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် ရဲမှူးချုပ် စိန်လွင်တို့က ဆုံးမသြဝါဒစကား ပြောကြားကြသည်။
မန္တလေးဗဟိုအကျဉ်းထောင်မှ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ၊၅၀၅-က တစ်မျိုးတည်းဖြင့် ကျန်ကာလ ၁ နှစ်အောက် အကျဉ်းသား ၅၂၅ ဦး၊ အကျဉ်းသူ ၄၄ ဦး၊ စုစုပေါင်း ၅၆၉ ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁(၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် မွန်းလွဲ တစ်နာရီအချိန်တွင် အကျဥ်းထောင်ရှေ့မှ စတင်လွတ်ပေးသည်။ သို့သော် အကျဉ်းသူ ၃ ဦးအား နောက်မှုဖြင့် ပြန်လည်ချုပ်နှောင်ထားရှိ ကြောင်းသိရသည်။
အဆိုပါ လွတ်မြောက်အကျဉ်း သား/သူများအား နိုင်ငံတော်မှ တစ်ဦးလျှင် ခရီးစရိတ် ၁၀၀၀ကျပ်၊ နယ်ဝေးများအတွက် ၃၅ မိုင်လျှင် ၁၀၀၀ ကျပ်နှုန်းတိုး၍ ထုတ်ပေးခဲ့ကြောင်း သတင်းရသည်။
မြင့်မော်ထွန်း