ဟိုပုံး မေ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကဆုန်လ ပြည့်နေ့ညောင်ရေသွန်းလောင်းလှူပွဲနှင့် ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က အမှတ်(၅)အခြေခံပညာမူလတန်း ကျောင်းရှေ့မှစတင်၍ ပြည်ထောင်စုလမ်းမကြီး-ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ တစ်ဆင့် သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးအထိ လှည့်လည်ပူဇော်ခဲ့ကြသည်။
ထိုသို့လှည့်လည်ပူဇော်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်း ရေးမှူး ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက အမှတ်(၅) အခြေခံ ပညာမူလတန်းကျောင်းရှေ့မှစတင်၍ ပြည်ထောင်စုလမ်းမကြီး-ဗိုလ်ချုပ်အောင်ဆန်းလမ်းမှတစ်ဆင့် သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးအထိ လှည့်လည်ကြည်ညိုပူဇော်နေမှုအား ကျောက်မဲဆရာတော်မှ အမွေးနံ့သာရည်များပက်ဖြန်းကာ တပ်မတော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း အုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့်ဇနီး၊ အရာရှိကြီးများနှင့် ဇနီးတို့က ဖူးမျှော်ကြည်ညိုပြီး နဝကမ္မ ဝတ္ထုငွေများ လှူဒါန်းသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဘုရားများအား ရေ သပ္ပာယ်ပြီး ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ညောင်ရေသွန်းလောင်းလှူကြသည်။ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဆရာတော်၊ သံဃာတော်များအား ဩကာသကန်တော့ကျိုးဖြင့် ကန်တော့၍ နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော် ဦးရာဇိန်ဒသီရိထံမှ ပရိတ်တရားတော်နှင့် ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့အကြောင်း တရားတော်များနာယူကြသည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နဝကမ္မဝတ္ထုငွေများလှူဒါန်းကာ လှူဒါန်းမှုအစုစုတို့ရေစက် သွန်းချအမျှပေးဝေပြီးနောက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)