ပန်ဆိုင်း(ကြူကုတ်)မြို့၌ (၂၁)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကျင်းပ

ပန်ဆိုင်း မေ ၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း( ကြူကုတ်) မြို့ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်း၌ (၂၁)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဧည့်ပရိသတ်များက စစ်ကိုင်းဆရာဆရာတော် ဦးတိက္ခဥာဏထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဦးသုစိတ္တ ( လားရှိုး) ဆရာတော်က အနုမောဒနာတရားချီးမြှင့်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့သည်။ ဆက်လက်၍ အစီအစဉ်အရ သမ္မာဒေဝနတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခြင်း၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသ(၂၄)ပစ္စည်းကို ရွတ်ဇော်ပူဇော်ခြင်းနှင့် ပဋ္ဌာန်းစဉ်အလိုက် အောင်စည်အောင် မောင်းတီးခတ် ပူဇော်ခြင်းတို့ကို ဆောင်ရွက်၍ ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။ ဆက်လက်ပြီး ဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဋ္ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပန်ဆိုင်း (ပြန်/ဆက် )