ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ ၆၅ ဦး လွတ်မြောက်

တောင်ကြီး မေ ၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၊ ၃၁/၂၀၂၃ ဖြင့် ယမန်နေ့မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့) ယမန်နေ့တွင် ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌသည် အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရကြသည့် နိုင်ငံသား အကျဉ်းသား/ အကျဉ်းသူများကို ရာဇဝတ်ကျင့်ထုံးဉပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “ နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါဆက်လက် ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သွားသူ အကျဉ်းသား/အကျဉ်းသူများအား သက်ဆိုင်ရာ မြို့နယ်အလိုက်တာဝန်ရှိသူများမှ ဆုံးမဩဝါဒစကား အသီးသီးပြောကြားပြီး အကျဉ်းထောင်များရှိ တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်းလက်မှတ်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင်များ ထုတ်ပေးပြီး စားစရိတ်နှင့် ခရီးစရိတ်တို့အား ပေးအပ်၍ စနစ်တကျ အကျဉ်းထောင်မှ လွတ်ပေးခဲ့သည်။

ထိုသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာတွင် ညောင်ရွှေအကျဉ်းထောင်မှ ၄၆ ဦး၊ ကျိုင်းတုံအကျဉ်းထောင်မှ  ၃ ဦး၊ လားရှိုးအကျဉ်းထောင်မှ ၁၃ ဦး၊ သီပေါအကျဉ်းထောင်မှ ၃ ဦး၊ စုစုပေါင်း ၆၅ ဦး လွတ်မြောက်ခဲ့ပြီး၊ အဆိုပါ လွတ်မြောက်လာသူများအား မိသားစုဝင်များ၊ သူငယ်ချင်းနှင့် မိတ်ဆွေများက ရင်းနှီးပျော်ရွှင်စွာ ကြိုဆိုကြကြောင်း သိရသည်။

 ပြည်နယ်(ပြန်/ဆက်)