မိတ္ထီလာမြို့နယ် ဘိုးဘွားရိပ်သာတွင် (၁၅) ကြိမ်မြောက် မြို့လုံးကျွတ် လစဉ်ကြေး အလှူရှင်များ၏ ငွေပဒေသာပင် စိုက်ထူလှူဒါန်းပွဲ ကျင်းပ        

မိတ္ထီလာ မေ ၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဘိုးဘွားရိပ်သာတွင် (၁၅) ကြိမ်မြောက် မြို့လုံးကျွတ် လစဉ်ကြေးအလှူရှင်များ၏ ငွေပဒေသာပင်စိုက်ထူ လှူဒါန်းပွဲကို ယနေ့နံနက်က အဆိုပါ ဘိုးဘွားရိပ်သာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လှူဒါန်းပွဲ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး မိတ္ထီလာဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်ထွန်းက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် လစဉ်ကြေး အလှူရှင်များကိုယ်စား လစဉ်ကြေးအလှူရှင်များဖြစ်သည့်  ဦးကျော်ညွှန့်၊ ဒေါ်မျိုး၊ ဒေါ်ရီတင်တို့က ဘိုးဘွားရိပ်သာ ဘဏ္ဍာငွေရှာဖွေရေးကော်မတီထံသို့ လစဉ်ကြေးအလှူရှင်များ၏ ပဒေသာပင် အလှူငွေ သိန်း(၆၀)အား ပေးအပ်လှူဒါန်းခဲ့ရာ ၎င်းပဒေသာပင်အလှူငွေအား ဘိုးဘွားရိပ်သာ ဘဏ္ဍာငွေရှာဖွေရေး ကော်မတီမှ ဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်ထွန်းထံ ပြန်လည်ပေးအပ်လှူဒါန်းခဲ့သည်။ ၎င်းနောက် ဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋတု(၃)ကြိမ် ရွတ်ဆိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့လုံးကျွတ် လစဉ်ကြေးအလှူရှင်များ၏ ငွေပဒေသာပင် စိုက်ထူးလှူဒါန်းပွဲကို ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်ထွန်းနှင့် တာဝန်ရှိသူများ၊ လစဉ်ကြေး အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)