ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ IDPs စခန်းများမှ မူလနေရပ်ကျေးရွာ များသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံ အားပေး

မြစ်ကြီးနား     မေ   ၃

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းနေပြည်သူများ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မေ ၂ ရက် နံနက် ၈ နာရီ က ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဆွတ်ငိုင်တောင် IDP စခန်းနှင့် ရွှေစက်နှစ်ခြင်း IDP စခန်းများမှ မူလနေရပ်ကွက်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးသည်။

ထို့သို့ မူလနေရပ်ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စုများအား ဆွတ်ငိုင် တောင်စခန်း၌ တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့၏ သွေးချင်းညီနောင်များ နေရပ်စွန့်ခွာ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်ခဲ့သည်မှာ (၁၀)စုနှစ်ကျော်ကြာမြင့်ပြီဖြစ်သောကြောင့် ယနေ့ မိသားစုများအနေဖြင့် မိမိတို့နေရပ်များသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည်ဖြစ်သည့်အတွက် လတ်တလောနေထိုင်စားသောက်မှု အဆင်ပြေစေရေး ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် ဆက် လက်၍လည်း နေထိုင်ရာကျေးရွာများတွင် အဆင်ပြေစွာနေထိုင်နိုင်ရေး မိမိတို့အနေဖြင့် ဆက်လက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက IDPs စခန်းနှစ်ခုမှ ၎င်းတို့၏ မူလနေရပ် မြစ်ကြီးနားမြို့နယ် အကြဲကျေးရွာအုပ်စု၊ မလိ ဆွတ်ယန်ကျေးရွာ၊ ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာ၊ ကဇူးကျေးရွာ၊ ဒဘတ်ယန်ကျေးရွာတို့နှင့် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် တိန်းဆင်းကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု ၃၅ စု၊ လူဦးရေ ၁၉၈ ဦးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပြောင်းရွှေ့စရိတ်ထောက်ပံ့ ငွေကျပ် တစ်အိမ်ထောင်လျှင် တစ်သိန်းနှုန်းစီနှင့် ဆန် ၁ အိတ်၊ ဆီ တစ်ပိဿာစီတို့ဖြင့် စုစုပေါင်း ငွေသားနှင့် ပစ္စည်းတန်ဖိုးကျပ် ၆၄၀၅၀၀၀ နှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ (၁)လစာ၊ ပြောင်းရွှေ့စရိတ် (၁)သိန်းစီနှင့်ကယ်ဆယ်ရေးပစ္စည်း များဖြင့် စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုးကျပ် ၇၃၇၆၇၈၅ ကို အသီးသီးထောက်ပံ့ပေးအပ်ရာ ရွှေ့ပြောင်းပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ 

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ သွားရောက် ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင့်နိုင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်နှင့် တာဝန်ရှိသူများက ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် စပ်လျဉ်း၍ အရေးပေါ်လူနာဌာနတွင် ကိုဗစ်-၁၉ သံသယ လူနာများအား စစ်ဆေးနိုင်ရေး ကိုဗစ်စစ်ဆေးခန်း ဆောင်ရွက်ထားရှိမှု၊ ဆေးရုံပင်မ လူနာ ဆောင်နှင့် သုံးထပ်တိုက်လူနာတို့အတွင်း အောက်ဆီဂျင်ပိုက်လိုင်းများဖြင့် ကိုဗစ်-၁၉ လူနာ ၂၀၀ ကျော်အတွက် သီးခြားစောင့်ကြည့်ကုသပေးနိုင်ရေး အောက်ဆီဂျင်အိုးများ စုစောင်းထားရှိမှုနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံရှင်းလင်းပြသမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့နောက် ဆေးရုံသွေးလှူဘဏ်၌ ပြည်နယ်မီးသတ်ဦးစီးဌာနက (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့်တပ်ဖွဲ့ဝင်များ၏ပြည်သူ့အကျိုးပြုစုပေါင်းသွေးလှူဒါန်း ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျန်းမာရေး ဝန်ထမ်းများက မီးသတ်တပ်ဖွဲ့ဝင်များ၏ သွေးလှူဒါန်းမှုများအပေါ် ကူညီဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ သွေးလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ နှင့် ပြည်နယ်မီးသတ်တပ်ဖွဲ့ ပြည်နယ်ဦးစီးမှူးထံ ထောက်ပံ့ငွေကျပ် ၅ သိန်းနှင့် သွေးလှူဘဏ် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၂ သိန်းကို  ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များနှင့် စပ်လျဉ်း၍ ပြည်နယ်ကော်မတီအဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်သည် အရေးကြီးပါကြောင်း၊ ထို့အပြင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆွေးနွေးဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ စင်ကြိုင်ယုံယောင်းကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုင်တာ ဦးဇုန်းယိန်းက နိုင်ငံ တကာအရည်အသွေးမီ တစ်သျှူးငှက်ပျောစိုက်ပျိုးထုတ်လုပ်တင်ပို့ဖြန့်ဖြူးခြင်းလုပ်ငန်းနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ညှိနှိုင်း ဆွေးနွေးပွဲ ဆက်လက်ပြုလုပ်သည်။

ထို့နောက် အဆိုပါ အစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် MSME Talk Show များနှင့် ထုတ်ကုန်ပြပွဲများ ကျင်းပနိုင်ရေးအတွက် ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြ သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က MSME လုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိတို့ပြည်နယ်အတွင်းရှိ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များကိုလည်း အလေးအနက်ထားအားပေးသည့်အနေဖြင့် MSME Talk Show များနှင့် ဒေသတွင်း ထုတ်ကုန် ပြပွဲပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ် အေဂျင်စီအဖွဲ့ဝင်များအနေဖြင့် ဒေသဆိုင်ရာအေဂျင်စီ၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ အောင်မြင်စေရေးအတွက် ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရေး တိုက်တွန်းမှာ ကြား သည်။

ထို့နောက် ပြည်နယ်အေဂျင်စီအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ဗဟို အေဂျင်စီသို့တင်ပြဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းတာဝန်များနှင့် ပြည်နယ်အတွင်း MSME Talk Show များနှင့် ဒေသတွင်းထုတ်ကုန်ပြပွဲပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြပြီး အေဂျင်စီအတွင်းရေးမှူးနှင့် တက်ရောက်လာကြသူများက မြစ်ကြီးနားမြို့၌ MSME Talk Show ကျင်းပပြုလုပ်မည့် အစီအစဉ်များ၊ MSME လုပ်ငန်းရှင်များ၏ ‌ဒေသထုတ်ကုန်ပစ္စည်းများ ပြသနိုင်ရေး ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ပြပွဲအတွက် ဆုများပေးအပ်ချီးမြှင့် သွားမည့်ကိစ္စရပ်များ၊ Talk Show နှင့် ပြပွဲပြိုင်ပွဲအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်နိုင်ရေး တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က အောင်မြင်စွာဆောင်ရွက် နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် အစည်းအဝေးအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်သည် အေဂျင်စီအဖွဲ့ဝင်များနှင့် အတူ မြို့တော်ခန်းမ၌ MSME Talk Show နှင့် ဒေသထုတ်ကုန်ပစ္စည်းများ ပြသနိုင်ရေး ဆိုင်ခန်းများ ဆောက်လုပ်နိုင်ရေး၊ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)