တာချီလိတ် မေ ၃
၂၀၂၃ ခုနှစ် မေလ (၃) ရက်နေ့တွင် ကျရောက်သော ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲ တော်အခါသမယနေ့ နံနက် (၉) နာရီအချိန်က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရွှေတိဂုံဘုရား စေတီတော်ရင်ပြင်၌ အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ခြင်းနှင် စုပေါင်း ညောင်ရေသွန်းလောင်းလှူခြင်းအား ဌာနဆိုင်ရာများပူးပေါင်း၍ ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှုး ဗိုလ်မှူးကြီး ဖေသက်သန်းတို့မှ ဦးဆောင်မှုဖြင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများနှင့် အလှူရှင်များက ပင့်ဖိတ်ထားသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များနာယူခြင်း၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကုသိုလ်ကောင်းမူအစုစုတို့အတွက် အမျှဝေကုသိုလ်ပြုခဲ့ကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များဦးဆောင်၍ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဧည့်ပရိတ်များက မဟာဗောဓိညောင်ပင်အား စုပေါင်းညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ကဆုန်လပြည့်နေ့သည် မြန်မာပြည်တစ်ဝှမ်းရှိ ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်ပြီး၊ မြတ်စွာဘုရားရှင်၏ ဗျာဒိတ်ခံယူသည့်နေ့၊ ဖွားမြင်တော်မူသည့်နေ့၊ ဘုရားဖြစ်တော်မူသည့်နေ့နှင့် ပရိနိဗ္ဗာန်စံတော်မူသည့်နေ့ဖြစ်သည်။
ထို့အတွက်ကြောင့် ကဆုန်လပြည့်နေ့အား ဗုဒ္ဓဘာသာဝင်များမှ "ဆု ဖွား ပွင့် စံ " ဟူ၍လည်းကောင်း " ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ မှတ်ရန်ကဆုန်လ" ဟူ၍လည်းကောင်း မှတ်သားထားကြကြောင်း သိရသည်။
အေးအေးလတ်