လားရှိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တာဝန်ထမ်းဆောင် နေသူများအား နှောင့်ယှက် ဖျက်ဆီးသူ(၄)ဦးကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူဆောင်ရွက်ထားရှိ

 

လားရှိုး အောက်တိုဘာ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ၊မြို့ဝင်မြို့ထွက်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေးအတွက် ဂိတ်များဖွင့်လှစ်ကာ ဌာနဆိုင်များအသီးသီး၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာမှတာဝန်ရှိသူများပါဝင်လျှက် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိနေသည်။

ကိုဗစ်-၁၉  ရောဂါကာကွယ်ကုသထိန်းချုပ်ရေးအတွက် တာဝန်ထမ်းဆောင်နေကြသူများအား ယမန်နေ့ ညနေ ပိုင်းက လားရှိုးမြို့နယ် ကောင်းကြဲ(အီ) ကျေးရွာအုပ်စု၊ ခိုက်ချန်ကျေးရွာမှ လားရှိုးမြို့ ၊ရပ်ကွက် (၁၁)သို့ သွားသည့်မြေသားလမ်းအား နမ့်မော်ဖာ ဘုန်းကြီးကျောင်းအနီး၌ ကိုဗစ်-၁၉ ရောဂါကာထိန်းချုပ်ရေးအတွက်  မြေသား လမ်းအား ဖြတ်သန်း သွားလာခြင်းမပြုနိုင်ရန် မြေသားများ ပုံကာ ဝါးဖြင့် ခြံစည်းရိုး ခတ်ပြီး လမ်းပိတ်ဆို့၍ အဝင်အထွက်မပြုလုပ်နိုင်ရန် ကောင်းကြဲ(အီ)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က တာဝန် ထမ်းဆောင်နေစဉ် ရပ်ကွက်(၁၀)ရပ်ကွက်(၁၁) တို့မှဖြစ်ကြသော ဦးမြင့်ဝေ၊ ဦးသီဟ၊ ဦးလီဖူးနိုင်၊ ဦးဆင်ချန်တို့(၄)ဦးသည် တာဝန်ထမ်းဆောင်နေသူများအား မချေမငံ ပြောဆိုဆက်ဆံပြီး အနှောင့် အယှယ် ပြုကာ အတားအဆီးများအားဖျက်ဆီး၍ အတင်းဖြတ်ကျော် နေသောကြောင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေး ကော်မတီထံသို့ အကြောင်းကြားလာမှုမှ အဆိုပါ (၄)ဦးအား လားရှိုးမြို့မရဲစခန်း၌ အမှုဖွင့် လှစ် အရေးယူထားရှိကြောင်း ကိုဗစ်-၁၉  ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေး မြို့နယ်အဆင့် ကော်မတီဥက္ကဋ္ဌ ထံမှ သိရှိရသည်။

ဟန်ဌေး(လားရှိုး)