မြစ်ကြီးနား မေ ၃
ကချင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် မြန်မာ့ရိုးရာအစဉ်အလာမပျက်ကျင်းပမြဲဖြစ်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ယနေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ လောကမာရ်အောင် ဆုတောင်းပြည့် စေတီတော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဓမ္မာ စင်္ကြာဝတ်အသင်းများက မဟာဗောဓိပင်၏ သတ်မှတ်နေရာအသီးသီးမှ ဗြဟ္မာ၊ နတ်၊ နဂါး၊ ဂဠုန် ရွတ်ဆိုမည့် ဂါထာနှင့် ရှစ်လုံးဘွဲ့ကဗျာများ ရွတ်ဆိုပူဇော်ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးဝင်းရဲထွန်းက ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဖတ် ကြားသည်။
ထို့နောက်တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များကကဆုန်ညောင်ရေအိုးများဖြင့် လောကမာရ်အောင်ဆုတောင်းပြည့်စေတီတော်ကြီးအား လင်္ကျာရစ်လှည့်လည်ပူဇော်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် စေတီတော်ပရိဝုဏ်အတွင်းရှိ ဗောဓိညောင်ပင်၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဝတ်အသင်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ကွက်နေပြည်သူများနှင့်အတူ ဒိုးပတ်အိုးစည်အကများဖြင့် ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြပြီးအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို ရုပ်သိမ်း လိုက်သည်။
အဆိုပါ ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲသို့ တက်ရောက်လာကြသူများအား လူမှုအသင်း အဖွဲ့များက အချိုရည်၊ မုန့်များဖြင့် စတုဒီသာကျွေးမွေးဧည့်ခံခဲ့ကြကြောင်းနှင့် ဆုတောင်းပြည့် စေတီတော်ကြီးနှင့် လျောင်းတော်မူ၊ ရပ်တော်မူဘုရားတို့တွင်လည်း တစ်နေ့လုံး ဆိုင်ခန်းငယ်များ၊ ညောင်ရေသွန်းလောင်းသူ ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
အလားတူ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် သကျမာရဇိန် အံတော်ရှင်စေတီတော် ပရိဝုဏ်အတွင်း မြို့နယ်လုံးကျွတ် သံဃာတော်များ စုပေါင်း၍ အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပ ပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီး၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုပေါင်း၍ သံဃာ့ဒါနအဖြစ် သံဃာတော်အပါး (၁၀၀၀)ကျော်တို့ အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)