မလှိုင် မေ ၃
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ ဗုဒ္ဓဘိသေကအနေ ကဇာတင်မင်္ဂလာအခမ်းအနားနှင့် သံဃာဒါနဆွမ်း ၊ ဆွမ်းဟင်းနှင့်လှူဖွယ် ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို မလှိုင်မြို့ ရွှေမုဌောစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ယနေ့နံနက်ပိုင်း က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နံနက်(၅)နာရီအချိန်တွင် မလှိုင်မြို့ ရွှေမုဌောစေတီတော်မြတ်ကြီးအား ပင့်သံဃာတော် (၁၉)ပါးတို့ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ပွဲ ကျင်းပပြီး အာရုံဆွမ်းများ ဆက်ကပ်လှူဒါန်း၍ သက်တော်ရှည် မေဃဝတီမိုးကောင်းကျောင်းတိုက် ဆရာတော်ထံမှ (၈)ပါး သီလခံယူဆောက်တည်၍ ရေစက်ချအမျှအတန်းများ ပေးဝေခဲ့ကြသည်။
ယင်းနောက် နံနက်(၆)နာရီအချိန်တွင် ဘုရားအမှူးရှိသော ပင့်သံဃာ(၁၀၈)ပါးတို့အား မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများက ဆွမ်း၊ဆွမ်းဟင်းနှင့် ဆွမ်းဆန်များ လှူဖွယ်ပစ္စည်းများ၊ ဝတ္တုငွေများ ဆက်ကပ်လောင်းလှူခဲ့ကြရာ ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းတန်ဖိုး ငွေကျပ်(၂၀၇၂၈၀၀)၊ ဝတ္တုငွေကျပ် (၁၆၀၄၀၀၀) လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။ လောင်းလှူနေစဉ် နိုင်ငံတော်ရွှေတံဆိပ်ဆုရ စောင်းမြင့်မြင့်သွယ်၏ ပဉ္စသိင်္ခတေးဂီတအဖွဲ့ဖြင့် ဓမ္မတေးသံသာများဖြင့် ပူဇော်ခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ဒေသခံပြည်သူတို့က ရွှေမုဌောဘုရားဝန်းအတွင်းရှိ ဗောဓိညောင်ပင်အား ညောင်ရေများသွန်းလောင်း ပူဇော်ခဲ့ကြသည်။
ထို့အပြင် ကဆုန်ညောင်ရေသွန်းရန် လာရောက်သည့် ဧည့်ပရိတ်သတ်များအား အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့မိမြို့ဖများက စတုဒီသာ မုန့်ဟင်းခါး၊ နို့စိမ်းခေါက်ဆွဲ၊ ရွှေရင်အေး၊ မုန့်လက်ဆောင်၊ အချိုရည်ဗူးနှင့် မုန့်များ ရေသန့်ဗူးများဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး ပဉ္စသိင်္ခတေးဂီတ အဖွဲ့ဖြင့်တွဲဖက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)