သုံးခွ အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် (Stay at Home) ထုတ်ပြန်ထားသော ကာလအတွင်း ကျေးရွာနေပြည်သူများအနေဖြင့် လိုအပ်သော အခြေခံစားသောက်ကုန်များ ဝယ်ယူရာ တွင် ခက်ခဲမှုမရှိစေရန်နှင့် စိတ်ချမ်းသာစွာ ဝယ်ယူနိုင်ရေးအတွက် သုံးခွမြို့နယ် လက်ပန် Myanmar Saemaul undong (ကျေးရွာသစ်လှုပ်ရှားမှု)မှ ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး ကျေးရွာအတွင်းရှိ ပြည်သူများထံ ဈေးကားဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဈေးကားတွင် Myanmar Saemaul undong (ကျေးရွာသစ်လှုပ်ရှားမှု)အဖွဲ့မှ ကျေးရွာအတွင်း အိမ်ထောင်စုတိုင်းအတွက် လိုအပ်သော ဆန်၊ ဆီ၊ ကြက်ဥ၊ ပဲမျိုးစုံတို့ကို ပြည်သူများ၏ အိမ်ရှေ့ အရောက် တိုက်ရိုက်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
“ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာလတွင် ပြည်သူများအနေဖြင့် မိမိအိမ်တွင်သာ နေထိုင်ခြင်းဖြင့် ကူးစက်ပျံ့နှံ့မှုနှုန်းကို လျှော့ချပေးနိုင်မှာဖြစ်ကြောင်း၊ မိမိတို့အိမ်ရှေ့ အရောက် လိုအပ်သော အခြေခံစားသောက်ကုန်များကို အလွယ်တကူ ဝယ်ယူနိုင်သဖြင့် အချိန်ကုန် လူပမ်းစရာမလိုတော့ကြောင်း၊ ဈေးရောင်းချသူ/ ဈေးဝယ်သူများ ကျန်းမာရေး လုံခြုံစိတ်ချမှု ရရှိစေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ရောင်းချပေးလျက်ရှိကြောင်း” Myanmar Saemaul undong (ကျေးရွာသစ် လှုပ်ရှားမှု) အဖွဲ့ဝင် ဦးဖိုးသဲထံမှ သိရသည်။
စည်သူလင်း ပြန်/ဆက်