မတ္တရာ မေ ၃
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် သံဃာ ၁၀၈ ပါး ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲကို ယနေ့ ကဆုန်လပြည့်နေ့ နံနက် ၆နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ် ပူဇော်ပွဲအခမ်းအနားကို အောင်မြေသုခကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်ရာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ချမ်းသာကြီးကျောင်းတိုက် ဆရာတော်ဘုရားကြီးထံမှ (၅)ပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ကြွရောက်လာသော ဆရာတော်သံဃာတော် အရှင်သူမြတ်များမှ မေတ္တသုတ်အစရှိသော အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ် ပူဇော်ကြသည်။ ထို့နောက် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် အမှတ်(၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို ဆရာတော် သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ကျောက်တံတားရေနားကျောင်းဆရာတော်ဘုရားကြီးထံမှ ဩဝါဒစကားနှင့် ရေစက်ချတရားနာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကား အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ ဆရာတော်သံဃာတော်များသည် အောင်မြေသုခကျောင်းတိုက်မှ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက် အလှူခံတော်မူကြရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်ဇော်နိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများမှ သတ်မှတ်နေရာများမှနေ၍ ဆွမ်းဆန်စိမ်းများ၊ ဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူခဲ့ ကြသည်။ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအပြီးတွင် ဇေယျာသနမစိုးရိမ်ကျောင်းတိုက်အတွင်းရှိ ဗောဓိညောင်ပင်အား ဆရာတော်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပရိသတ်အပေါင်းတို့မှ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)