လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုလျော့ကျရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ အမှတ်(၁၁) ရပ်ကွက် အောင်မင်္ဂလာကျောင်းဝန်း အတွင်းရှိ Lockdown ချထားသော ဘုန်းတော်ကြီးကျောင်းအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ အာလူး၊ ငါးသေတ္တာ၊ အသားတုနှင့် လက်သန့်ဆေးရည်များကို ယမန်နေ့ ညနေပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့ လှူဒါန်းပေးအပ်ရာတွင် လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ ကိုယ်စား လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း ၊မြို့နယ်စည်ပင် သာယာရေး ကော်မတီအဖွဲ့ဝင်(၂)ဦးဇော်အောင်တို့က သွားရောက် ပေးအပ် လှူဒါန်းခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့များ ပူးပေါင်း၍ ကိုဗစ်−၁၉ရောဂါ ကာကွယ်ရောဂါကူးစက်မှုလျော့ကျရေးအတွက် အရှိန် အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)