သထုံရွှေစာရံစေတီတော်မြတ်ကြီး၌ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

သထုံ မေ ၃

မွန်ပြည်နယ်၊ သထုံမြို့ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော် မြတ်ကြီး၏ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနားကို ယနေ့၊ နံနက်က စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ အခမ်းအနားကိုကျင်းပရာ ကြွရောက်တော်မူလာကြသည့် သံဃာတော်အရှင်သူမြတ်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပေးကြပြီး ပရိယတ္တိသဒ္ဓမ္မလင်္ကာရ ဟိတကာရီ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသထံမှ ကြွရောက်လာသူတို့က သီလခံယူဆောက်တည်ခြင်း၊ ဩဝါဒတရားနာယူခြင်း၊ သံဃာတော်များအား လှူဖွယ်များဆက်ကပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး လှူဒါန်းမှုတို့ အတွက် ရေစက်သွန်ချ အမျှအတန်းပေးဝေခဲ့ကြသည်။

ယင်းနောက် စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်၌ ကြွရောက်လာကြသည့် သံဃာတော်နှင့် သီလရှင်များအား ဒေသခံပြည်သူအပေါင်းတို့က ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များကို တပျော်တပါးစုပေါင်းလောင်းလှူပေးကြပြီး သံဃာ‌တော်များက ဗောဓိညောင်ပင်အနီး၌ ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ပေးကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များနှင့်အတူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအသီးသီးမှ ဒေသခံပြည်သူများက ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း ညောင်ထောက်ကုသိုလ်ပြုခြင်းတို့ကို အေးချမ်းစွာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်