မုဒုံ မေ ၃
မွန်ပြည်နယ် မုဒုံမြို့ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင် ( ၅၂ )ကြိမ်မြောက် ကဆုန်ညောင် ရေသွန်းလောင်းပူဇော်ပွဲကို ယနေ့ (ကဆုန်လပြည့် ဗုဒ္ဓနေ့) နံနက် ၆ နာရီက စေတီတော်မြတ်ကြီးရင်ပြင်ရှိ မဟာဗောဓိ ညောင်ပင်၌ ကျင်းပသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး ဓမ္မဒူတ ကျောင်းတိုက်(မုဒုံ) ဆရာတော် ဘဒ္ဒန္တကောသလ္လထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ဥပုသ်သီလ ခံယူဆောက်တည်သည်။ ထို့နောက် သြဝါဒစရိယ ဆရာတော်ကြီးများက မေတ္တာသုတ် ပရိတ်တရားတော်များရွတ်ဖတ်ကာ စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်သည်။ ယင်းနောက် ဆရာတော်ကြီးများက ဦးဆောင်၍ မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဧည့်ပရိတ်သတ် အပေါင်းတို့က မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။
ဆက်လက်၍ ကန်ကြီးစေတီတော်အတွင်းရှိ နော်တော်ကြီဘုရားထီးတော်၊ စိန်ဖူးတော် တင်လှူနိုင်ရန်အတွက် အလှူရှင်များက အလှူငွေများလှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်း ခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်