နမ့်ဆန် အောက်တိုဘာ ၅
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုဗစ်-၁၉ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်မြင့်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်လျှပ်စစ်ရုံး (AE) ဦးရဲဝင်းနှင့် ဝန်ထမ်းများတို့က လမ်းသွား၊ လမ်းလာ မိဘပြည်သူများ Mask အခမဲ့ ယူသုံးနိုင်စေရန် ယမန်နေ့နံနက်က လမ်းဆုံလမ်းခွနေရာများတို့တွင် Mask Box များကို ထပ်မံ တိုးချဲ့တပ်ဆင်ပေး ခဲ့ကြောင်းသိရသည်။
နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီက ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့များ တို့နှင့်ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွင် တဖက် တလမ်းအနေဖြင့် မြို့နယ်လျှပ်စစ်ရုံး(AE)ဦးရဲဝင်းနှင့် ဝန်ထမ်းများတို့က စက်တင်ဘာလ ပထမပတ်က မြို့ပေါ် ရပ်ကွက်ရှိ နေရာ(၅)နေရာတို့တွင် Mask Box များကို တပ်ဆင်ပေးထားခဲ့ကြောင်းသိရသည်။ အဆိုပါ Mask Box များတပ်ဆင်ပေးထား ရာတွင် ပြည်သူများက Mask များကို အခမဲ့ယူသုံးနိုင်သည့်အတွက် လမ်းသွား လမ်းလာ ပြည်သူများအတွက် များစွာအထောက်အကူဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် အဆိုပါ Mask Boxများကို နမ္မဝေါရပ်ကွက် စုပေါင်းရုံးနေရာဖြစ်သည့် မြို့နယ် ပြန်/ဆက် ရုံးရှေ့တွင်(၁)လုံး၊ မြို့လယ်ရပ်ကွက် ဈေးလမ်းထိပ်တွင်(၁)လုံး တိုးချဲ့တပ်ဆင် ပေးထားပြီး ယခုတွင် ပြည်သူများအခမဲ့ယူသုံးနိုင်အောင် Mask Box (၇)လုံးကို တပ်ဆင်ပေးထားပြီး ဖြစ်ကြောင်းသိရသည်။ Mask Box ထဲတွင် Mask အလုံး (၅၀)ခန့်ကို ထည့်ထားပေးပြီး Mask ကုန်သွားပါက တစ်ပတ်တစ်ခါ ပြန်လည်ဖြည့် ထားပေးကြောင်းသိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)