နေပြည်တော် မေ ၃
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က လယ်ဝေးခရိုင်အတွင်းရှိ လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်းများ၌ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည့် နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများ သင်ကြားနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုအားပေးရာတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်းက နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများသို့ တက်ရောက်သင်ကြားနေသည့် ကျောင်းသား/ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်/လူရွယ်များ ပြင်ပဗဟုသုတ ရှာမှီးနိုင်ရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ရန်နှင့် လူတော်လူကောင်းများဖြစ်စေရန် ဖွင့်လှစ် သင်ကြားပေးထားသည့် သင်တန်းများဖြစ်သည့်အတွက် သေချာလေ့လာမှတ်သား သင်ယူစေလိုကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် အတတ်ပညာများကို သင်ယူလေ့လာခြင်းဖြင့် အမှား/အမှန်ကိုပါ ဝေဖန်ပိုင်းခြားတက်၍ စည်းကမ်းလိုက်နာသည့် လူတော်လူကောင်းများဖြစ်အောင် ကြိုးစားစေလိုကြောင်း၊ အသိပညာ/ အတတ်ပညာများကို ကြိုးစားသင်ယူ၍ မိမိကိုယ်ကို တစ်ဦးချင်းကိုယ်စီ မြှင့်တင်နိုင်မှသာ မိမိကျောင်းနှင့် မိမိနိုင်ငံ၏ ဂုဏ်ကိုပါမြှင့်တင်ရာ ရောက်မည်ဖြစ်ကြောင်းပြောကြားပြီး သင်တန်းတက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူများ အတွက် အချိုရည်ဗူးများ ပေးအပ်လှူဒါန်းခဲ့ သည်။
အဆိုပါ နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းကို ဧပြီလ ၂၄ ရက်နေ့မှ မေလ ၁၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၂၀ ဦး တက်ရောက်သင်ကြား လျက်ရှိကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)