မြောက်ဥက္ကလာပ မေ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့် မယ်လမုစေတီတော်တွင် (၅၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ယနေ့နံနက် ၇ နာရီကစ၍ စေတီတော်ဝင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦစွာ မယ်လမုဂေါပကအဖွဲ့များ၊ ဘာသာရေး၊ သာသနာရေး အသင်းအဖွဲ့များ ဦးဆောင်၍ စေတီတော်မြတ်ကြီးအား လင်္ကျာရစ် တပတ်လှည့်လည်ပြီး မဟာဗောဓိပင်တွင် နေရာယူ၍ နမောတသ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အဘိဓမ္မာအဖွဲ့မှ နတ်ဗြဟ္မာများပင့်ဖိတ်ခြင်း၊ မဟာဗောဓိနုမေနာတောသော ဂါထာဖြင့် ရွတ်ဆိုခြင်းနှင့် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကျင်းပရခြင်းအကြောင်းကို ဆုတောင်းပြည့် မယ်လမုစေတီဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှကြည်မှ မြွက်ကြားခဲ့သည်။ ထို့နောက် အနောက်အရပ်မှ နဂါးအသင်းများ၊ မြောက်အရပ်မှ ဂဠုန်အသင်းများ၊ တောင်အရပ်မှ နတ်မင်းများ၊ အရှေ့အရပ်မှ ဗြဟ္မာများမှ သက်ဆိုင်ရာ ဂါထာများဖြင့် ကဗျာရွတ်ဆိုကာ ညောင်ရေသွန်းလောင်းလှူခဲ့ပြီး "ဗုဒ္ဓသာသနံစိရံတိဌတု" (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ကြေးစည်၊ ခရုသင်းများကို တီးမှုတ်ကာ ညောင်ရေသွန်းလောင်း ပူဇော်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကဆုန်ညောင်ရေသွန်းပွဲတော်ကို နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ မယ်လမု ဘုရားတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ရဟန်း၊ ရှင်၊ လူ၊ ကုသိုလ်ရှင်များ ကြွရောက်၍ ညောင်ရေသွန်းလောင်းလှူ၍ ကုသိုလ်ယူခြင်းနှင့် အလှူရှင်များမှ စတုဒိသာများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)