ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော် (၁၁၁၁၁) ပါးတို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်တော်စုပေါင်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကျင်းပ

ရန်ကုန် မေ

သာသနာတော်နှစ် ၂၅၆၆-၆၇ ကဆုန်လပြည့် ဗုဒ္ဓနေ့အားရည်မှတ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော် (၁၁၁၁၁) ပါးတို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန် တော်စုပေါင်း လောင်းလှူပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဧည့်ပရိတ်သတ်များက အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။

ထို့နောက် စောင်းပညာရှင် ဦးထွန်းဝဏ္ဏစိုး (တွဲဖက်ပါမောက္ခ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် တွဲဖက်၍ တေးသံရှင် ခိုင်ဇင်ရွှေ(ကထိက)က "ဗုဒ္ဓရောင်ခြည်တော်ဘွဲ့ ထူးမခြားနား" သီချင်းခံ့ သုံးပိုဒ်ဖြင့် သီကျူးပူဇော်သည်။

ယင်းနောက် နိုင်ငံတော်မဟာသံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တသီဟနာဒ ဆရာတော်အရှင်သူမြတ်ထံမှ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာ တော်များက မေတ္တာသုတ် ပရိတ်တရားတော်ရွတ်ပွားသရဇ္ဇယ်တော်မူကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက သာသနာရေးဆိုင် ရာများလျှောက်ထားရာတွင် ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည် ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ဘုရား ယနေ့ ကျင်းပပြုလုပ်သည့် သာသနာနှစ် ၂၅၆၆၊ ကောဇာ သက္ကရာဇ် ၁၃၈၅ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့အားရည်မှန်းလျက် လေးဆူဓာတ်ပုံရွှေတိဂုံစေတီ တော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားနှင့် သံဃာတော် (၁၁၁၁၁)ပါးတို့အား ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပွဲ မင်္ဂလာအခမ်းနားကြီးသို့ ကြွရောက် ချီးမြှင့်တော်မူကြသော နိုင်ငံတော်အဆင့်၊ တိုင်းအဆင့်ဆရာတော်ကြီးများ ဦးထိပ်ထားလျက် တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများနှင့် ပရိယတ္တိစာသင်တိုက်ကြီးများမှ စာသင်စာချ သံဃာတော်များအပါအဝင် စုစုပေါင်း သံဃာတော် (၁၁၁၁၁)ပါးတို့အား စုံညီစွာ ဖူးမြော်ကြည်ညိုရပြီး သာသနာရေးဆိုင်ရာများ လျှောက်ထား ခွင့်ရရှိပါသဖြင့် မနောဘဝင်မှာ ကြည်ရွှင်ဟဒယဝမ်းမြောက်လှ၍ ကုသိုလ်မင်္ဂလာအကျိုးများ တိုးပွားရပါကြောင်း ရှေးဦးစွာ လျှောက်ထားအပ်ပါသည်ဘုရား။

တပည့်တော်တို့ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကြီးတွင် ရွှေတောင် ထွဋ်ကြီးပမာ ဝင်းလက်တောက်ပစွာဖြင့် အများပြည်သူတို့ လေးစားကြည်ညို ဦးခိုက်ပူဇော်ရာ ဖြစ်သည့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး တည်ရှိနေခြင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အသရေကိုပါလင်းလက်စေရုံမက ထေရဝါရဗုဒ္ဓဘာသာဝင် မြန်မာ ပြည်သူအပေါင်းတို့၏ ရတနာမြတ်သုံးပါးအပေါ် စေတနာသဒ္ဓါထက်သန်လှသည့် ပုံရိပ်လွှာကို ပြပါမည်ဆိုလျင် ရွှေတောင်ထွဋ်ကြီးပမာ နှိုင်းယှဉ်အပ်ပါသော ရွှေတိဂုံစေတီ တော်မြတ်ကြီးအား အထင်ရှားဆုံးသက်သေတစ်ခုအဖြစ် ညွှန်ပြရပါသည်ဘုရား။

ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ဘဒ္ဒကမ္ဘာပွင့်တော်မူပြီးဖြစ်သော ကကုသန္ဓမြတ်စွာ ဘုရား၏ တောင်ဝှေးတော်၊ ကောဏဂုံ မြတ်စွာဘုရား၏ ရေစစ်တော်၊ ကဿပမြတ်စွာဘုရား၏ ရေသနုပ်တော်နှင့် ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်ရှစ်ဆူတို့ ကိန်းဝပ်တော်မူရာ စေတီတော်မြတ်ကြီးဖြစ်ပါသဖြင့် ဗုဒ္ဓဝင်သမိုင်းဆိုင်ရာ တန်ဖိုးကြီးမြတ်သည့် စေတီတော်ကြီး ဖြစ်ပသည်ဘုရား။

ဂေါတမဘုရားရှင်ပွင့်တော်မူပြီးစ လင်းလွန်းပင်ရင်း၌ သတ္တဌာန စံနေတော်မူစဉ် ဥက္ကလာပတိုင်းသား တပုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ ဦးစွာဖူးတွေ့ရစဉ် ပူဇော်ခွင့်ရရှိခဲ့သော ဆံတော်ရှစ်ဆူအကြောင်းပြု၍ တည်ထားခဲ့သော စေတီတော်မြတ်ကြီးဖြစ်၍လည်း ဂေါတမ ဗုဒ္ဓဘုရားရှင်၏ သာသနာသက်တမ်းနှင့် အမျှ နှစ်ပေါင်း ၂၆၀၀ကျော် လွန်ခဲ့ပြီးဖြစ်ပါသည်ဘုရား။

ရှေးရှေးအစဉ်အဆက် ဆရာတော်သံဃာတော်အရှင်မြတ်များသည် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီအား နှစ်စဉ် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ခဲ့ကြသည်ဖြစ်ပြီး သံဃာတော်အမြောက်အများတို့ဖြင့် ယခုကဲ့သို့ အထူးအမြတ်ပြု၍ကျင်းပ ပြုလုပ်သည့် ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ပွဲများကိုလည်း ဆောင်ရွက်ခဲ့ ကြပါသည် ဘုရား။ ထိုကဲ့သို့ ရှေးရှေးအစဉ်အလာများနှင့်အညီ တပည့်တော်တို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ သံဃာတော် (၁၁၁၁၁)ပါးတို့အား ပင့်ဆောင်ကာ လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ပွဲကြီးကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည် ဘုရား။ ဗုဒ္ဓဘုရားရှင်၏ ဂုဏ်တော်ရည်မှန်း၍ အနေကဇာတင် ပူဇော်ခြင်း၊ သံဃာတော်များ ရွတ်ပွားပူဇော်သည့် အနေကဇာတင် ပါဠိကထာနှင့် ပရိတ် တရားတော်တို့ကို နာယူပူဇော်ခြင်းတို့နှင့်အတူ ပင့်သံဃာတော်(၁၁၁၁၁)ပါးတို့အား စုပေါင်း ဆွမ်းဆန်တော်လောင်းလှူပူဇော်ခြင်းဖြစ်ပါသဖြင့် ရတနာမြတ်သုံးပါး ပူဇော်ပွဲကြီးဟုလည်း မှတ်ယူနိုင်မည်ဖြစ်ပါသည် ဘုရား။

ဗုဒ္ဓဘုရားရှင်၏ ဂုဏ်တော်များကို ရည်မှတ်၍ ဘုရားရှင်ကိုယ်စား တည်ထားကိုးကွယ်ကြသည့် စေတီတော်၊ ဗုဒ္ဓရုပ်ပွားဆင်းတုတော်၊ ဓာတ်တော်မွေတော်တို့ကို ဆည်းကပ်ပူဇော်ခြင်းသည် သက်တော်ထင်ရှားဘုရားရှင်းအား ဆည်းကပ်ပူဇော်ရသည့်နှင့်မခြား ကောင်းကျိုးလိုရာ ပြည့်စုံနိုင်ကြောင်း ဆရာတော်အရှင်သူမြတ်တို့ ဟောကြားတော်မူကြသည်ကို မှတ်သားနာယူခဲ့ဖူးပါသည်ဘုရား။ ဘုရား တပည့်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဥပတ္ထမ္ဘက ပြုလုပ်၍ ဆရာတော်သံဃာတော်များ ဦးဆောင်ကာ ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ခြင်း၊ သံဃာတော်အရှင်မြတ်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်းတို့ကို ဆရာ ဒကာအညီ အညွတ်ပေါင်းစုပြုလုပ်ကြသည့် ကောင်းမှုမင်္ဂလာအဖြာဖြာတို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးတွင် မှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူအပေါင်း၊ တိုင်းရင်းသား ပြည်သူအပေါင်းတို့အားဘေးဘယာဝေးကွာ၍ အေးငြိမ်းချမ်းသာရှိကြပြီး ကောင်းကျိုးလိုရာနှင့် ပြည့်စုံကြလိမ့်မည်ဟု ယုံကြည်ပါသည်ဘုရား။

ထို့နောက် ဆရာတော်ကြီးများအား ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဇနီးများ၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ တာဝန်ရှိ သူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ ဆရာတော်အရှင်သူမြတ်က မပြည့်စုံမှု၊ မှားယွင်းမှုများ ရှိပါက ခွင့်လွှတ်သည်းခံတော်မူပါမည့်အကြောင်း တောင်းပန်လျှောက်ထားသည်။

ဆက်လက်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ရွှေတိဂုံစေတီတော် ဘဏ္ဍာ်တော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ သ.စ.အ ဓမ္မာစရိယ(ဝဋံသကာ)၊ ပါဠိပါရဂူ ဘဒ္ဒန္တနာရဒါဘိဝံသ ဆရာတော်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာကြား၍ ရေစက် သွန်းလောင်းအမျှ ပေးဝေကြပြီး "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင် အခမ်းအနားကို ရွှေတိဂုံစေတီတော် အထက်ပစ္စယံ၌ ဆက်လက်ကျင်းပရာ ဆရာတော်သံဃာတော်(၁၁၁)ပါးနှင့် ပြည်သူ့ရင်ပြင်တွင် သီတင်းသုံးနေသည့် ဆရာတော်သံဃာတော် (၁၁၀၀၀) ပါး တို့က ဥဒါန်းပဠိတော်လာနည်းအတိုင်း ဗုဒ္ဓါဘိသိတ်သွန်းလောင်းတော်မူသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဇနီးများ၊ ဧည့်ပရိတ်သတ်များက ရွှေတိဂုံစေတီတော်ရင် ပြင်တော်၌ ဆရာတော်သံဃာတော် (၁၁၁)ပါးနှင့် ပြည်သူ့ရင်ပြင်တွင် သီတင်းသုံးနေသည့် ဆရာတော်သံဃာတော် (၁၁၀၀၀)ပါးတို့အား ဆွမ်းဆန်တော်များစုပေါင်း လောင်းလှူကြပြီး အနုပညာရှင်များကလည်း ဓမ္မပူဇာတေးသီချင်းများဖြင့် ပူဇော်ကန်တော့ကြကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)