နမ့်ခမ်း အောက်တိုဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် စည်ပင်သာယာရေးဦးစီးဌာန၌ တာဝန် ထမ်းဆောင် နေကြသည့် အမြဲတမ်းဝန်ထမ်းနှင့် သန့်ရှင်းရေးဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် စားသောက်ကုန် ပစ္စည်း များ ပေးအပ်ခြင်းကို ယမန်နေ့၊ မွန်းလွဲ(၁)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ ပေးအပ်သည်။
အခြေခံအစားအစာနှင့် ဆေးဝါများထောက်ပံ့ပေးအပ်းခြင်းနှင့်ပတ်သက်၍ မြို့နယ် စည်ပင် သာယာရေး ဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးမိုင်းအောင်ဖေက “စည်ပင်ဌာနမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်း တွေ အနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကာလတစ်လျှောက်မှာ လုပ်ငန်း တာဝန်တွေကို ကြိုးစားလုပ်ကိုင်ကြပြီး ယခုဘတ်ဂျတ်နှစ်မှာ ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် အကောက် ခွန်တွေ အပြည့်အဝရရှိခြင်း၊ ဘတ်ဂျတ်နှစ်ကုန်လမှာ ဝန်ထမ်းတွေရဲ့ အလုပ်ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အနေဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါတယ်"လို့ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အမှုဆောင်အရာရှိ ဦးအောင်ဖေက အမြဲတမ်းရုံးဝန်ထမ်းများနှင့် သန့်ရှင်းရေးဝန်ထမ်းများ (၅၂) ဦး တို့အတွက် (၁)ဦးလျှင် ဆန်(၆)ပြည်၊ ဆီ(၁)ပိဿာ၊ ကြက်ဥ(၁၀)လုံးနှင့် ငွေကျပ်(၂၃၀၀၀)နှုန်း တို့ကို အသီးသီး ထောက်ပံ့ပေးအပ်ရာ ဝန်းထမ်းများနှင့် သန့်ရှင်းရေးဝန်ထမ်းများက လက်ခံခဲ့ကြောင်းသိရသည်။
ဆိုင်ထွန်း(ပြန်/ဆက်)