ရပ်စောက် မေ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် ဖောင်းတောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာ၊ ဘုရားဖြူဘုန်းတော်ကြီးကျောင်းသို့ ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေအား ယမန်နေ့နံနက် (၁၁:၃၀)အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ အဆိုပါဘုန်းတော်ကြီးကျောင်းသို့သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေများကို ပေးအပ်ရာတွင် မီးလောင်မှုကြောင့်ပျံလွန်တော်မူသွားသော သံဃာတော်(၁) ပါးအတွက် နာရေးထောက်ပံ့ငွေကျပ်(၃)သိန်းကို ဆရာတော်၏မိသားစုဝင် ဦးမြင့်ထွန်းက လည်းကောင်း၊ ကျောင်းဆောင်သစ်ပြန်လည် ဆောက်လုပ်ရန် ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ ငွေကျပ်(၃)သိန်း၊ သံဃာတော်(၂)ပါးအတွက် ဆွမ်းဆန်ဖိုးထောက်ပံ့ငွေကျပ်(၄၂၀၀)နှင့် ဒွိစုံ(၂) စုံအတွက်ထောက်ပံ့ငွေကျပ်(၇၀၀၀၀)၊ စုစုပေါင်း ထောက်ပံ့ငွေကျပ်(၆၇၄၂၀၀)သိန်းအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်မှပေးအပ်ရာ ဘုရားဖြူ ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် ဥူးဓမ္မသာမိက လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ ဘုရားဖြူကျေးရွာ၊ ဘုရားဖြူဘုန်းတော်ကြီးကျောင်းသည် ဧပြီ ၁၉ ရက် ညက ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ ဖယောင်းတိုင်လဲကျ၍ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆုမွန်(ရပ်စောက်)