(၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေများ လှူဒါန်း

ချောင်းဆုံ မေ ၃

(၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ရေပြတ်လပ်မှုမရှိစေရေး ရေရှားပါးသည့်ကျေးရွာများသို့ သောက်သုံးရေများကိုယနေ့နံနက်က ပင်လယ်ဆိပ်ကမ်းကျေးရွာဖြစ်သည့် ကလွီကျေးရွာသို့ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးတင်လင်းဦး ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မုဒွန်း၊ရွာလွတ်နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များတို့က မီးသတ်ရေသယ်ယာဉ် (၃) စီးဖြင့် သောက်သုံးရေပြတ်လပ်ခက်ခဲနေသည့် ကလွီ ကျေးရွာ တွင် သောက်သုံးရေဂါလံ(၃၂၀၀)အားလည်းကောင်း၊ ဆယ်ဗလာကျေးရွာတွင်သောက်သုံးရေ ဂါလံ(၁၆၀၀) အားလည်းကောင်း စုစုပေါင်းဂါလံ(၄၈၀၀)အား အိမ်တိုင်ရာရောက် လိုက်လံဖြန့်ဝေလှူဒါန်းပေးခဲ့သည်။

ထို့နောက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အကြံပြုချက်များကို တစ်အိမ်တက်ဆင်း လိုက်လံနှိုးဆော်ပေးခဲ့ပြီး နေအိမ်များရှိမီးဖိုချောင်များ၌ မီးသုံးစွဲမှုအခြေအနေများကို စစ်ဆေးပြီး မီးကြွင်းမီးကျန်များ ကျန်ရှိမှုမရှိစေရေး လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သူဇာ(ပြန်/ဆက်)