ပင်းတယ အောက်တိုဘာ ၅
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်သို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား Facility Centre ၌ စောင့်ကြည့်ထားသူများအား ဘေးကင်းလုံခြုံရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးကော်မတီမှ ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ကုသထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေမျိုးဇော်၊ မြို့နယ်ဆရာဝန်မကြီး ဒေါ်တာမို့မို့ကြည်၊ လုံခြုံရေးနှင့်ထိန်းသိမ်းရေးမှူး ရဲမှူး မင်းသိန်း၊ သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီဝင် ဒေါ်မိုးမိုးထွေးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများတို့က လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကုသထိန်းချုပ်ရာတွင် ဆောင်ရွက်ရမည့်အခြေအနေများကို လည်းကောင်း၊ အသွားအလာ ကန့်သတ်စောင့်ကြည့်သူများ၏ ကျန်းမာရေးအခြေအနေနှင့် လုံခြုံဘေးကင်းမှုအခြေအနေများကို လည်းကောင်း၊ ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အထိတ်တလန့် မဖြစ်စေဘဲ အချိန် နှင့်တစ်ပြေးညီ သတင်းများ ထုတ်ပြန်နိုင်ရေးတို့ကို လည်းကောင်း အသီးသီးဆွေးနွေးကြသည်။ ယင်းနောက် စောင့်ကြည့်ရေးစင်တာရှိ အသွားအလာကန့်သတ်ထားရှိသူများအား စောင့်ကြည့်နိုင်ရန်အတွက် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ ထောက်ပံ့လှူဒါန်းသည့် CCTV ကင်မရာ ရှစ်လုံးတို့အား တပ်ဆင်ပြီး သီးသန့်ခန်းများကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)