ကွမ်းခြံကုန်း အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် (We Love Kungyangon) အဖွဲ့မှ အခမဲ့ ဖျားနာကုဆေးခန်း(Fever Clinic)ဖွင့်လှစ်နိုင်ရန် ကြိုးစား ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ဖျားနာ ကုဆေးခန်းအား မြို့ဦးထိပ် မင်းသုဝဏ် ဖောင်ဒေးရှင်း ပိုင်ဖိုးကြာဇံခန်းမဘေးမြေနေရာတွင် တည်ဆောက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့နေမှုကို ထိန်းချုပ်ကာကွယ်နေသော အချိန်ဖြစ်၍ မြို့ပေါ်ရှိ ဆေးခန်း အများစု ပိတ်ထားပြီး ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်ရေး အခမဲ့ဖျားနာကု ဆေးခန်း တစ်ခု ဖွင့်လှစ်နိုင်ရန် လိုအပ်နေသဖြင့် (We Love Kungyangon) အဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဆေးခန်းကို တစ်ပတ်လျှင်(၄)ရက်၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့များတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး လုပ်အားပေး ဆရာဝန် (၃)ဦး၊ သူနာပြု(၅)ဦးနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ သဒ္ဓါဖြူနှင့် တွဲလက် ကလေးများ လူမှုကူညီ ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ (We Love Kungyangon) အဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက် ကြမည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားထားသော ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ အောက်တိုဘာလ (၆)ရက်နေ့ နံနက်(၈)နာရီတွင် စတင်ဖွင့်လှစ်၍ ပြည်သူများ အား ကျန်းမာရေး စောင့်ရှောက်မှုပေးသွားမည်ဖြစ်ကြောင်း (We Love Kungyangon)အဖွဲ့၏ တာဝန်ရှိ သူတစ်ဦးထံမှ သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)