ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ IDPs စခန်းများမှ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံ အားပေး ထောက်ပံ့

မြစ်ကြီးနား မေ ၂

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းနေပြည်သူများ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ယာယီ ခိုလှုံရာ စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ပြည်နယ် ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဆွတ်ငိုင်တောင် IDP စခန်းနှင့် ရွှေစက်နှစ်ခြင်း IDP စခန်းများမှ မူလနေရပ်ကွက်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စု များအား သွားရောက်တွေ့ဆုံအားပေးသည်။

ထို့သို့ မူလနေရပ်ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စုများအား ဆွတ်ငိုင် တောင်စခန်း၌ တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့၏ သွေးချင်းညီနောင်များ နေရပ်စွန့်ခွာ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်ခဲ့သည်မှာ (၁၀)စုနှစ်ကျော် ကြာမြင့်ပြီဖြစ်သောကြောင့် ယနေ့ မိသားစုများအနေဖြင့် မိမိတို့နေရပ်များသို့ ပြန်လည်ရွှေ့ပြောင်း နေထိုင်ကြမည်ဖြစ်သည့်အတွက် လတ်တလောနေထိုင်စားသောက်မှု အဆင်ပြေစေရေး ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် ဆက် လက်၍လည်း နေထိုင်ရာကျေးရွာများတွင် အဆင်ပြေစွာနေထိုင်နိုင်ရေး မိမိတို့အနေဖြင့် ဆက်လက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီး များက IDPs စခန်းနှစ်ခုမှ ၎င်းတို့၏ မူလနေရပ် မြစ်ကြီးနားမြို့နယ် အကြဲကျေးရွာအုပ်စု၊ မလိ ဆွတ်ယန်ကျေးရွာ၊ ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာ၊ ကဇူးကျေးရွာ၊ ဒဘတ်ယန်ကျေးရွာတို့နှင့် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် တိန်းဆင်းကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု ၃၅ စု၊ လူဦးရေ ၁၉၈ ဦးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပြောင်းရွှေ့စရိတ်ထောက်ပံ့ ငွေကျပ် တစ်အိမ်ထောင်လျှင် တစ်သိန်းနှုန်းစီနှင့် ဆန် ၁ အိတ်၊ ဆီ တစ်ပိဿာစီတို့ဖြင့် စုစုပေါင်း ငွေသားနှင့် ပစ္စည်းတန်ဖိုးကျပ် ၆၄၀၅၀၀၀ နှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ (၁)လစာ၊ ပြောင်းရွှေ့စရိတ် (၁)သိန်းစီနှင့် ကယ်ဆယ်ရေးပစ္စည်းများဖြင့် စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုးကျပ် ၇၃၇၆၇၈၅ ကို အသီးသီးထောက်ပံ့ပေးအပ်ရာ ရွှေ့ပြောင်းပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ 

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာ တင့်နိုင်၊ ဆေးရုံအုပ်ကြီးဒေါက်တာ ဝင်းမော်နှင့် တာဝန်ရှိသူများက ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် စပ်လျဉ်း၍ အရေးပေါ်လူနာဌာနတွင် ကိုဗစ်-၁၉ သံသယလူနာများအား စစ်ဆေးနိုင်ရေး ကိုဗစ်စစ်ဆေးခန်း ဆောင်ရွက်ထားရှိမှု၊ ဆေးရုံပင်မလူနာဆောင်နှင့် သုံးထပ်လူနာတို့အတွင်း အောက်ဆီဂျင်ပိုက်လိုင်းများဖြင့် ကိုဗစ်-၁၉ လူနာ ၂၀၀ ကျော်အတွက် သီးခြားစောင့်ကြည့်ကုသပေးနိုင်ရေး အောက်ဆီဂျင်အိုးများ စုဆောင်းထားရှိမှုနှင့်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို လိုက်လံရှင်းလင်းပြသမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့နောက် ဆေးရုံသွေးလှူဘဏ်၌ ပြည်နယ်မီးသတ်ဦးစီးဌာနက (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်ဖွဲ့ဝင်များ၏ ပြည်သူ့အကျိုးပြုစုပေါင်း သွေးလှူဒါန်း ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျန်းမာရေး ဝန်ထမ်းများက မီးသတ်တပ်ဖွဲ့ဝင်များသွေးလှူဒါန်းမှုများအပေါ် ကူညီဆောင်ရွက်ပေး နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူရှင်များအတွက် အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့် ပြည်နယ်မီးသတ်တပ်ဖွဲ့ ပြည်နယ်ဦးစီးမှူးထံ ထောက်ပံ့ငွေကျပ် ၅ သိန်း၊  သွေးလှူ ဘဏ် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၂ သိန်းကို  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)