ပြင်ဦးလွင်မြို့တွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဒုတိယအကြိမ်မြောက် သံဃာတော် (၂၀၇)ပါး သံဃပူဇာ ဆွမ်းလောင်းလှူပွဲအခမ်းအနား၊ ဗုဒ္ဓနေ့ဆိုင်ရာ အခမ်းအနားများနှင့် ကဆုန် လပြည့်နေ့ ညောင်ရေသွန်းပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

ပြင်ဦးလွင် မေ ၂

ပြင်ဦးလွင်မြို့တွင် ၁၃၈၅ ခုနှစ် ၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့)၌ သံဃာတော်များကို လှူဖွယ်ပစ္စည်းများနှင့် သံဃပူဇာ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ကဆုန်ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားကျင်းပခြင်းနှင့် ဗုဒ္ဓနေ့ အထိမ်းအမှတ် ဗုဒ္ဓမြတ်စွာဘုရားများကို ပင့်ဆောင်ထားသော မော်‌တော်ယာဉ်တန်းများဖြင့် မြို့အတွင်း၌ လှည့်လည်ပူဇော်ခံခြင်းများဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ကို ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု လုပ်ငန်းများအား ယနေ့ နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦး၊  ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့တွင် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ၏ နံနက် (၆) နာရီ၌ သံဃာတော် (၂၀၇) ပါး သံဃပူဇာ ဆွမ်းလောင်းလှူပွဲ အခမ်းအနားအား ရပ်ကွက်ကြီး (၁) ရှိ ဝိသုံဂါမသိမ်တော်ကြီးတွင် လည်းကောင်း၊ ပြင်ဦးလွင်မြို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA က ကြီးမှူး၍  ကဆုန်လပြည့်နေ့ နေ့လယ် (၁) နာရီမှ စတင်၍ ဘုရားယာဉ်တန်းများဖြင့် မြို့တွင်း တစ်လျှောက် လှည့်လည်အပူဇော်ခံခြင်းနှင့် ညနေ (၅) နာရီတွင် အနီးစခန်း၌ရပ်နား အပူဇော်ခံခြင်းများအားလည်းကောင်း၊  မဟာပုရိသ ကျောက်ဂူတောရ MNC ရိပ်သာမှ ဘုရားယာဉ်တန်းများဖြင့် နေ့လယ် ၃ နာရီမှ ၇ နာရီအတွင်း ပြင်ဦးလွင်မြို့တွင်း လှည့်လည်အပူဇော်ခံခြင်း နှင့် မြို့တော်ခန်းမရှေ့မှ စုရပ်ပြုလုပ်၍ နာရီစင် မန္တလေး-လားရှိုးလမ်းမ တစ်လျှောက် ဈေးလေးအဝိုင်းအထိ လမ်းလျှောက်၍ MNC ဆရာတော်ဘုရားမှ ဂုဏ်တော်ပွား၊ မေတ္တာပို့ရွတ်ဆိုပွားများကာ အပူဇော်ခံခြင်းများအား လည်းကောင်း ၊ ညနေ (၃) နာရီ အချိန်တွင် ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား၏ အကြိမ် (၂၀) မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် ဗုဒ္ဓနေ့ဆိုင်ရာ အခမ်းအနားများအားလည်းကောင်း  ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါစည်းကမ်းသတ်မှတ်ချက်များ အတိုင်း စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဖြူလူသစ် (ပြန်/ဆက်)