ပျဉ်းမနားမြို့၊ ကျွန်းဦးကျေးရွာ၌ အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်

နေပြည်တော် မေ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ကျွန်းဦးကျေးရွာတွင် အခြေခံလူတန်းစားများ အသက်မွေးဝမ်းကြောင်းတွင် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်အတွက် ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပျဉ်းမနားခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ငွေက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဇာဝေက အခြေခံလူတန်းစားများ အသက်မွေးဝမ်းကြောင်းတွင် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်၊ ယနေ့ခေတ် လူငယ်လူရွယ်များ အသိပညာ များအပြင် အတတ်ပညာကိုပါ လက်တွေ့ကျကျအသုံး ချတတ်မှသာလျှင် မိမိတို့ဘဝရပ်တည်ချက် ခိုင်မာလာစေရန်နှင့် ပတ်ဝန်းကျင်အတွင်း လူနေမှုဘဝအဆင့်အတန်းမြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာ ဦးမင်းမင်းဦးက သင်ရိုးညွှန်းတမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ကျွန်းဦးအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း   ၂၅   ဦးတက်ရောက်ကြပြီး သင်တန်း နည်းပြဆရာများက မေလ ၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)