ပေါင် မေ ၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့ နံနက်(၁၁)နာရီက ကဆုန်လပြည့်နေ့အကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ဗုဒ္ဓဘာသာဝင် ပြည်သူများအနေဖြင့် ဗုဒ္ဓနေ့ဖြစ်သည့် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်ကျင်းပရခြင်း၏ ကောင်းကျိုးများ၊ဆယ့်နှစ်လရာသီပွဲတော်များနှင့် ထူးမြတ်သည့် ကဆုန်လပြည့်နေ့အကြောင်းအရာများကို ပြည်သူများသိရှိစေရန် ရည်ရွယ်ပြီး Talk Show အစီအစဉ် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မာလာအောင်က မြန်မာ့ဆ့ယ်နှစ်လရာသီများထဲတွင် ကဆုန်လသည် ဒုတိယမြောက်လဖြစ်ပြီ ဗြိဿရာသီ ဝိသခါနက္ခတ်နှင့်ယှဉ်၍ စကားဝါပန်းများပွင့်သည့် ရာသီဖြစ်ပါကြောင်း၊ ပူပြင်းသည့်နွေရာသီဖြစ်၍ ဗောဓိညောင်ပင်အားရေသွန်းလောင်းပူ ဇော်ခြင်းဖြစ်ကြောင်း၊ ဗောဓိညောင်ပင်တွင် ရေသွန်းလောင်းရခြင်း၏အကျိုးကျေးဇူးများ စသည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)