ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်ရောဂါကာကွယ်ရေး Mask Campaign ဆက်လက်ပြုလုပ်

ကျိုက်ထို မေ ၂

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်း သွားလာလှုပ်ရှား နေထိုင်လျက်ရှိသည့် ပြည်သူများ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန် ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရန် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်-မော်လမြိုင် သွားကားလမ်းဘေးရှိ မြို့နယ်စည်ပင်သာယာ ပြည့်သူ့ဈေးရှေ့၌ ဌာနဆိုင်ရာများပူးပေါင်း၍ Mask Campaign အသိပညာပေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခရီးသွားပြည်သူများကို ပါးစပ်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်လမ်း ညွှန်ချက်များအတိုင်းနေထိုင်ကြရန်အစရှိသည်တို့ကို ပြောကြားပြီး Mask များအားအခမဲ့ ဖြန့်ဝေပေးခဲ့သည်။

ယင်းသို့အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တို့မှ ကျိုက်ထိုမြို့ရှိ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ် သွားလာလှုပ်ရှားနေကြသည့်မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ ခရီးသွားလာနေကြသည့် ပြည်သူများအား အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက်ထိုးနှံကြရေး စသည်တို့ကို အသိပညာပေး ပြောကြားပြီး နှာခေါင်းစည်း Mask များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဝင်းမောင်(ပြန်/ ဆက်)