မူဆယ်မြို့ခရိုင်၊ မူဆယ်မြို့နှင့် မြို့အသီးသီး၌ အထူးရဲသင်တန်းပို့ချ

 

မူဆယ်  အောက်တိုဘာ   ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲကာလမဲရုံများတွင် လုံခြုံရေးတာဝန်ဆောင်ရွက်မည့် အထူးရဲသင်တန်းဖွင့်လှစ်ပို့ချခြင်းကို မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ပန်ဆိုင်း (ကြူကုတ်)မြို့၊ မန့်ဟီးရိုးမြို့နှင့် မုံးကိုးမြို့တို့တွင် ‌အောက်တိုဘာ (၁)ရက်နေ့မှ စတင်ပြီး အသီးသီးဖွင့်လှစ်ပို့ချလျက်ရှိသည်။

(၂၀၂၀)ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲကာလ၌ မူဆယ်မြို့တွင် လုံခြုံရေးတာဝန်ဆောင်ရွက်မည့် အထူးရဲသင်တန်းဖွင့်လှစ်ပို့ချခြင်းကို မူဆယ်မြို့၊ မြို့မရဲစခန်းအတွင်းရှိ အောင်ဆန်းသူရိယအေးချိုရိပ်သာ၌ သင်တန်းဖွင့်လှစ်ခဲ့ပြီး အထူရဲသင်တန်းသား စုစုပေါင်း(၄၆)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

အလားတူ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ မဲဆန္ဒရှင်ပြည်သူများလုံခြုံစိတ်ချစွာဖြင့် ဆန္ဒမဲပေးနိုင်ရန်နှင့် အထွေထွေရွေးကောက်ပွဲကာလ၌ မဲလုံခြုံရေးတာဝန်များကို ဆောင်ရွက်ရန်အတွက် အထူးရဲသင်တန်းကို သင်တန်းသားစုစုပေါင်း(၁၆)ဦးဖြင့် ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့နယ်မြေရဲစခန်း၊ ဓမ္မာရုံ၌ သင်ကြားပို့ချလျက်ရှိသည်။

မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ အထူးရဲသင်တန်းသားစုစုပေါင်း(၃၁)ဦးကို မုံးကိုးမြို့၊ မြို့နယ်မြေရဲစခန်း၌ အောက်တိုဘာလ(၁)ရက်နေ့မှ အောက်တိုဘာလ (၂၈)ရက်နေ့အထိ သင်တန်းပို့ချမည်ဖြစ်ပြီး (၂၀၂၀)ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲကာလ၌ အထူးရဲသင်တန်းသားများအနေဖြင့် (၄၅)ရက်ကြာ မဲလုံခြုံရေးတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)