မြောက်ဦးမြို့ အထင်ကရဘုရားစေတီပုထိုးများဖြစ်သော သျှစ်သောင်း၊ထုက္ကန်၊ အံတော်သိမ်၊လေး မျက်နှာဘုရားများ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို အသံမစဲပဋ္ဌာန်းဖြင့် ဖွင့်လှစ်

မြောက်ဦး မေ ၂

ရှေးဦးစွာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အတွင်းရှိ သျှစ်သောင်း၊ထုက္ကန်၊အံတော်သိမ်၊လေးမျက်နှာဘုရားများ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ၌ မီးဘေး၊လေဘေး၊ရေဘေး ကပ်ကြီး (၃)ပါးမှ ကင်းဝေးစေရန် ရည်ရွယ်၍ ရှင်ဥပဂုတ္တမထေရ်မြတ် ပင့်ဖိတ်ခြင်းကို ယနေ့ နံနက် ၄ နာရီအချိန်က သျှစ်သောင်းဂေါပကဥက္ကဋ္ဌ ဦးစောရွှေမောင်နှင့် အဖွဲ့က ပင့်ဖိတ်ပူ ဇော်ခဲ့ကြသည်။

ထို့နောက်  အသံမစဲပဋ္ဌာန်းပွဲ ဖွင့်ပွဲ  အခမ်းအနားကို ဆက်လက်ကျင်းပရာ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ သျှစ်သောင်းဂေါပကဥက္ကဋ္ဌ ဦးစောရွှေမောင်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ တက်ရောက်ကြသည်။

ထို့နောက် သျှစ်သောင်း၊ ထုက္ကန်၊ အံတော်သိမ် ၊ လေးမျက်နှာဘုရားများ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို အသံမစဲပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲတွင် ကြွရောက်တော်မူလာ ကြကုန်သော ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿ ၃ ကြိမ်ရွက်ဆိုကာ ဘုရားရှင်အား ရှိခိုးကန်တော၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မြောက်ဦးမြို့၊ ဗုဒ္ဓဂုဏ်ရည်ကျောင်းဆရာတော်မှ ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် မြတ်စွာဘုရားရှင်အားပင့်ဖိတ်ခဲ့ သည်။ ကြွရောက်လာကြကုန် သောလူ ပရိသတ်များက ဩကာသကထာဖြင့် ဆရာ ကန်တော ကြကာ အောင်မင်္ဂလာကျောင်းတိုက် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု ‌ဒေါက်တာ ဘဒ္ဒန္တပညာသာမိ အရှင်သူမြတ်ထံမှ လူပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြ သည်၊၊ ထို့နောက် အသံမစဲရွတ်ဖတ်ပူဇော်မည့် ပဋ္ဌာန်းကျမ်းများကို အသံမစဲပဋ္ဌာန်းကျမ်းပူဇော် ဖြစ်မြောက်ရေးအဖွဲ့ဝင်များမှ ဆရာတော်အရှင်သူမြတ်များထံ ဆက်ကပ်ပူဇော်ခဲ့သည်။ ရတနာပုံကျောင်းတိုက် ဆရာတော်မှ နတ်ဗြဟ္မာများကို ဖင့်ဖိတ်ခဲ့ရာ မြို့သစ်ဆရာတော် အရှင် သူရိယ မှ (ပဋ္ဌာန်းအမွှန်း) အားရွတ်ဖတ်ပူဇော်၍ ဆရာတော် အရှင်သူမြတ်တို့က ဧည့်ပရိတ်သတ် အပေါင်းတို့ကို ပဋ္ဌာန်းပစ္စယုဒ္ဒေသနှင့် ပစ္စယနိဒ္ဒေသတို့ကို ရွတ်ဖတ်ပူဇော်ပြီး သိက္ခာဝါ အစဉ်အတိုင်း/ အလှည့်ကျ ဆရာတော်များက အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်တို့ကို စတင်ရွတ် ဖတ်ပူဇော်လျက်ရှိသည်။

သျှစ်သောင်း၊ ထုက္ကန်၊ အံတော်သိမ်၊ လေးမျက်နှာဘုရားများ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၌ ရခိုင်ရိုးရာပြိုင်လောင်း (လှေလှော်) ပြိုင်ပွဲ၊ ရခိုင်ရိုးရာ ကျင်ပွဲ၊ ကဆုန်ညောင်ရေသွန်းလောင်းပွဲ၊ ကျေးရွာပေါင်းစုံဘောလုံးပြိုင်ပွဲများ၊ ရေပေါ်သင်္ကြန်၊ ရေပေါ်စတိတ်ရှိုး၊ ညည့်ပွဲ များဖြစ်သည့် ခေတ်သစ်ဇာတ်သဘင် ၊ ကလေးကစားစရာအရုပ်ဆိုင်များ၊ မုန့်ဆိုင် တန်းများ၊ လေနန်းတော်များကို မေလ ၂ရက်နေ့မှ မေလ ၆ရက်နေ့အထိ ၅ ရက်တိုင်တိုင် အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)