မန်ကန် မေ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် အမျိုးသမီးများအဖွဲ့ (Woman Club) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာ(Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မန်ကန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်အေးကပ်(ရုပ်သံကျွမ်းကျင်-၃)က ဆွေးနွေးရာတွင် မန်ကန်မြို့နယ်၌ အမျိုးသမီးများ၏ လှုပ်ရှားဆောင်ရွက်မှု အားနည်းပါကြောင်း၊ အမျိုးသမီးများ၏ ဘဝတိုးတက်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးခဲ့သည်။ ထို့နောက် အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထွေးခင်က အမျိုးသမီးများ၏ လှုပ်ရှားဆောင်ရွက်မှုများကို တစ်လလျှင် တစ်ကြိမ် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းရှိ အမျိုးသမီးများ၏ ကျန်းမာရေး၊ ပညာရေးများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။ ဆက်လက်၍ အမျိုးသမီးများအဖွဲ့ဝင် ဒေါ်ဝေဝေမြင့်က ဆွေးနွေးရာတွင် သက်ကြီးအမျိုးသမီးများ၏ ကျန်းမာရေးစောင့်ရှောက်မှုများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် အမျိုးသမီးများအဖွဲ့ဝင် (၂၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးကပ် (မြို့နယ်၊ပြန်/ဆက်)