နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌  နွေရာသီကျောင်းပိတ်ရက် အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်

နေပြည်တော် မေ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများ၏သား၊ သမီးများအား  နွေရာသီကျောင်းပိတ် ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက် နွေရာသီအခြေခံ ကွန်ပျူတာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရှိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးသင်တန်းခန်းမ၌ ကျင်းပခဲ့ရာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေလင်း၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊  ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းဦးက "ကျောင်းသား၊ ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ကာလတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်၊ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ် သည် မျိုးဆက်သစ်လူငယ်များ၏ ပညာတတ်မြောက်မှု အဆင့်အတန်းပေါ်တွင် များစွာမူတည်နေသည့်အတွက် ဘက်စုံထူးချွန်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်၊ ခေတ်၊ စနစ်နှင့်အညီ မဖြစ်မနေ တတ်မြောက်ထားသင့်သည့် ပညာရပ်တစ်ခုအနေဖြင့် တတ်မြောက်ထားရှိပြီး လူငယ်များ၏ အနာဂတ်ဘဝ တိုးတက်မှုအခွင့်အလမ်းကောင်းများ ရရှိလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း  ပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံကွန်ပျူတာသင်တန်းသို့   တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူလေးများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။

ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊  ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းဦးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အချိန်နဲ့အမျှ တိုးတက်လျက်ရှိတဲ့ နည်းပညာ၊ တီထွင်ဆန်းသစ်မှုတွေကလည်း  အနာဂတ်နိုင်ငံတော် အတွက် လိုအပ်လာပြီဖြစ်တဲ့အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခု သင်ကြားပို့ချပေးမည့် အခြေခံကွန်ပျူတာ ပညာရပ်များကို စိတ်ပါဝင်စားစွာ ကြိုးစားသင်ယူလေ့လာစေလိုကြောင်း၊ ရက်တိုသင်တန်းဖြစ်ပေမယ့် တက်ရောက်လေ့လာသင်ကြားတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ စိတ်ပါဝင်စားစွာ ကြိုးစားသင်ယူလေ့လာကြမယ်ဆိုရင် အကျိုးများ စေမည့် သင်တန်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ နေပြည်တော်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများ၏ သား၊ သမီး စုစုပေါင်း   ၄၃   ဦးတက်ရောက်ကြပြီး သင်တန်းနည်းပြဆရာမ ညွှန်ကြားရေးမှူး ဒေါ်ရီရီမြင့်နှင့် နည်းပြဆရာများက မေလ ၂ ရက်နေ့မှ ၁၉ ရက်နေ့အထိ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)