မောက်မယ် မေ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ရှေးဟောင်းသမိုင်းဝင် မောက်စံဘုန်းတော်ကျောင်း နှစ်(၁၅၀)ပြည့်အထိမ်းအမှတ် မင်္ဂလာအခမ်းအနားကို ယနေ့တွင်အဆိုပါကျောင်း၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် ပင့်ဖိတ်ထားသောဆရာတော်/သံဃာတော်များအား မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ဆွမ်းနှင့် ဘောဇဉ်၊ ခဲဖွယ်၊ လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းကာ ပူဇော်ကန်တော့ပြီး ရှမ်းဘာသာဖြင့် မြို့သမိုင်းကြောင်း များဖြစ်သည့် အဖဆင်ဖြူတော်နှင့် မင်းသမီးနန်းဖတ်ခုမ်မှ မောက်မယ်မြို့ဖြစ်ပေါ်လာ ပုံရာဇဝင်သမိုင်းကြောင်းအား သာသနာပါကျောင်းဆရာတော်က နံနက်၈နာရီတွင်တစ်ကြိမ် နေ့လယ် ၁ နာရီတွင်တစ်ကြိမ် ဟောပြောပွဲအခမ်းအနားကျင်းပပြီး ည၇နာရီတွင် တရားပွဲကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ည၈နာရီတွင် အဆိုအကများဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ပွဲတော်သို့လာရောက်ကြသည့် ဧည့်သည်တော်များတို့က ရှေးဟောင်းသမိုင်းဝင် မောက်စံဘုန်းတော်ကျောင်းနှင့်ပတ်သက်၍ ရှေးဟောင်းသမိုင်းဝင်ပစ္စည်းများနှင့် ဒေသထွက်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုအား လှည့်လည်ကြည့်ရှုကြပြီး ရှေးဟောင်းသမိုင်းဝင်မောက်စံဘုန်းတော်ကျောင်း နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်ပွဲတော်သို့ ရပ်ဝေးရပ်နီးမှကြွရောက်လာကြမည့် ဓမ္မမိတ်ဆွေများတို့အား နေ့စဉ်ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)