အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပရဟိတအသင်းစုံမှ Volunteers (၆၀)ဦးနှင့် Ambulances(၁၃)စီးဖြင့် ကူညီဆောင်ရွက်ပေး

ရန်ကုန်          အောက်တိုဘာ       ၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပရဟိတအသင်းစုံမှ Volunteers (၆၀)ဦးနှင့် Ambulances(၁၃)စီးဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အင်းစိန်မြို့နယ်မှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများ၏ Contact Person များ၊အနံ့ပျောက်သူ များကို Quarantine Center များဖွင့်လှစ်ထားရှိ စောင့်ရှောက်ပေးလျက်ရှိရာ အင်းစိန်(GTI)ကျောင်း ဝင်းအတွင်း Contact Personများ ထားရှိရန် Quarantine Center(၃)ခု၊အင်းစိန် အ.ထ.က(၁) ကျောင်းတွင် အနံ့ပျောက်သူများအတွက် Quarantine Center(၁)ခု၊ယခုအခါ မြို့နယ်အတွင်းမှ  Contact Personများ ထားရှိရန် အင်းစိန် အ.ထ.က(၃) ကျောင်းအား Quarantine Center အမှတ် (၅)အဖြစ် အောက်တိုဘာလ(၃)ရက်နေ့ ညနေပိုင်းမှစတင်ကာအသုံးပြုနေပြီဖြစ်သည်။

အင်းစိန်မြို့နယ်အတွင်းရှိ Quarantine Center(၅)ခုတွင် လူဦးရေ(၅၀၀)ဦးခန့်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိ တအသင်းစုံမှ Volunteers (၆၀)ဦးနှင့် Ambulances(၁၃)စီးဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ပါဝင်ကူညီဆောင်ရွက်နေကြသော အသင်းများမှာ အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲ၊စိန်ရတနာ နာရေးကူညီမှုအသင်း(အင်းစိန်)၊လူမှုကရုဏာအသင်း(အင်းစိန်)၊တွဲလက်လူမှုကူညီရေးအသင်း၊ကရု ဏာရှင်သွေးလှူအသင်း(အင်းစိန်)၊ကရုဏာလက်များ သွေးလှူအသင်း(အင်းစိန်)၊ ဓမ္မဝါဒီလူမှု ကူညီရေးအသင်း၊အဖြူရောင်မေတ္တာ လူမှုကူညီရေး အသင်း(အင်းစိန်)၊Super Sunday လူမှုကူညီ ရေးအသင်း(အင်းစိန်)နှင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ ဝင်များက ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ရေး လုပ်ငန်းများကို ပူးပေါင်း ကူညီဆောင်ရွက်လျက် ရှိသည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)