ကျောက်ဆည် မေ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ဥယျာဉ်မြေ စိုက်ပျိုးသူများအနေဖြင့် သံပယို၊ သရက်၊ ပိန္နဲ၊ ကွမ်း စသည့် သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ ကွမ်းရွက်ဈေးများ ကောင်းမွန်သဖြင့် ငါးလုံကုန်း ကျေးရွာမှ ကွမ်းစိုက်တောင်သူများသည် အဆင်ပြေလျက်ရှိကြောင်း ကွမ်စိုက်တောင်သူ များထံမှ သိရသည်။
ကွမ်းရွက်ရောင်းဈေးသည် ကွမ်းရွက်အရွယ်အစားအပေါ် မူတည်ပြီး တစ်ပိဿာငွေကျပ်(၈၀၀၀)မှ (၁၀၀၀၀)ကျပ် အထိ ရောင်းချကြောင်း ကွမ်းစိုက်ပျိုးမည်ဆိုပါက သွင်းအားစုများသဖြင့် ကွမ်းစိုက်ကျွမ်းသည့် တောင်သူများသာ စိုက်ပျိုးကြကြောင်း အပင်အပြုအစု ကောင်းပြီး ကွမ်းပင်များ ကောင်းပါက ကွမ်း(၁)ပိဿာ ငွေကျပ်(၅၀၀၀) ဈေးနှင့် ရောင်းချရပါက အကျိုးအမြတ် ရရှိကြောင်း ကွမ်းစိုက်ပျိုးခြင်းသည် အလုပ်များပြီး နေ့စဉ်နေ့တိုင်း ကွမ်းခြံအား ဂရုစိုက်၍ ကြည့်ရှုရကြောင်း၊ ဂရုစိုက်မှုနည်းသည်နှင့်တစ်ပြိုင်နက် အပင်ဖြစ်ထွန်းမှုနည်းပြီး ကွမ်းရွက်များသည်လည်း လှပမှု မရှိဖြစ်ကာ ရောင်းချရာတွင် တွက်ခြေကိုက်မှု မရှိကြောင်းနှင့် ယခုအချိန်တွင် ကွမ်းရွက် ဈေးကောင်းမွန်သဖြင့် ကွမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ငါးလုံကုန်းကျေးရွာမှ ကွမ်းစိုက်တောင်သူ ဦးမြင့်သောင်းက ပြောပြ၍ သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ကွမ်းစိုက်ပျိုးခြင်းများကို သံရွာ၊ ညွှန့်ပင်၊ အေးရွာ၊ အရှေ့သပြေသာ၊ မှိုင်းပန်၊ ကုလရွာ၊ ကျားကာ၊ ဈေးရွာ၊ ရဲကြီး၊ ကိုးပင်၊ မြောင်းဦး၊ ပွတ္တိုင်၊ ငါးလုံကုန်း၊ ပုထိုးတိုင်၊ အနောက်ငယ်တိုးကျေးရွာများတွင် ကွမ်းအများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)