လယ်ဝေးမြို့၊ ယက္ကန်းစင်တောင်၊ ဓမ္မပါလ လူငယ်ဖွံ့ဖြိုးရေးကျောင်းတွင် ယဥ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲကျင်းပ

လယ်ဝေး မေ ၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ယက္ကန်းစင်တောင်၊ ဓမ္မပါလ လူငယ်ဖွံ့ဖြိုးရေးကျောင်းတွင် ယနေ့နံနက် ၉ နာရီက နွေရာသီ ယဥ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ယက္ကန်းစင်တောင် ဓမ္မပါလကျောင်း ဆရာတော်ဘဒ္ဒန္တ တေဇိန္ဒထံမှ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က ယဥ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းအောင်နှင့် ဦးခင်မောင်ထွေးတို့က သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းရာ သင်တန်း ဆရာ၊ ဆရာမများက လက်ခံရယူသည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းတွင် သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၆ ဦးတို့က မေ ၁ ရက်မှ ၂၅ ရက်အထိ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၁၂ဝ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)