ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ်

ကျိုက်ထို မေ ၁

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်း သွားလာလှုပ်ရှားနေ ထိုင်လျက်ရှိသည့် ပြည်သူများ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရန် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်-မော်လမြိုင် သွားကားလမ်းဘေးရှိ မီးသတ်ဦးစီးဌာနရှေ့ ဗိုလ်ချုပ်လမ်း၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ Mask Campaign အသိပညာ ပေးလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရခြင်းမှာ နိုင်ငံတဝှမ်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွား ဖြစ်ပေါ်လျက်ရှိသည့်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ က မြို့နယ်အတွင်းရှိပြည်သူများ ရောဂါကူးစက်ခံရမှုမရှိစေရေးအတွက် စီမံ‌ဆောင်ရွက်ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ခရီးသွားပြည်သူများကို  ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ အတိုင်းနေထိုင်ကြရန် အစရှိသည်တို့ကို ပြောကြား ပြီး Mask Campaign အားပြုလုပ်ခဲ့သည်။

အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တို့မှ  ကျိုက်ထိုမြို့ရှိ ရန်ကုန်-မော်လမြိုင်အဝေးပြေး ကားလမ်းမပေါ် သွားလာလှုပ်ရှား နေကြသည့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ ခရီးသွားလာနေကြသည့် ပြည်သူများအား အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ရောဂါ ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက်ထိုးနှံကြရေး စသည်တို့ကို အသိပညာပေးပြောကြားပြီး နှာခေါင်းစည်း Mask များကိုဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)