(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်း

မုဒုံ မေ ၁

မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီမှစတင်ကာ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးအရာရှိ ဦးဖုန်းမြင့်အေး ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကမာဝက်မြို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့ဝင်များတို့က မီးသတ်ရေသယ်ယာဥ် သုံးစီး၊ မီးငြှိမ်းသတ်ယာဥ် လေးစီးတို့ဖြင့် သောက်သုံးရေ ပြတ်လပ်ခက်ခဲ နေသော ကမာဝက်မြို့ စိန်တောင်ရပ်ကွက် နှင့် ထောင်ကေးရပ်ကွက်ရှိ အိမ်ခြေ ၁၇၆ အိမ်အတွက် ရေဂါလံစုစုပေါင်း ၈၈၀၀ ကို အိမ်တိုင် ရာရောက် လိုက်လံ လှူဒါန်းပေးခဲ့သည်။

ဆက်လက်၍ တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အကြုံပြုချက်များကို လိုက်လံနှိုးဆော်ခဲ့ပြီး နေအိမ်များရှိ ထမင်းချက်၊ ဟင်းချက်မီးဖိုချောင်နေရာများ၌ မီးသုံးစွဲမှုအခြေအနေများကို စစ်ဆေးရာ မီးကြွင်းမီးကျန်များ မကျန်ရှိစေရေး အလေးထားဆောင်ရွက်ကြရန်နှင့် စသည့် အသိပညာပေးလုပ်ငန်းများကို လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)