စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အလုပ်သမားနေ့အကြောင်း သိကောင်းစရာ Talk Show ဆောင်ရွက်

စမ်းချောင်း မေ ၁                   

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကမ္ဘာ့အလုပ်သမားနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉ နာရီအချိန်က "အလုပ်သမားနေ့ အကြောင်း သိကောင်းစရာ" ခေါင်းစဉ်ဖြင့် Talk Show  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါTalk Showတွင် စမ်းချောင်းမြို့နယ်ရုံးမှ ဦးအေးလင်းနှင့် ဦးရာဇာအောင်တို့က ကမ္ဘာ့ အလုပ်သမားနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းနှင့် မြန်မာနိုင်ငံတွင် အလုပ်သမားနေ့ကို စတင်ကျင်းပခဲ့မှုများအား ရှင်လင်းပြောကြားခဲ့သည်။

ထိုသို့ ရှင်းလင်းရာတွင် ကမ္ဘာ့အလုပ်သမားနေ့မှာ အမေရိကန်ပြည်ထောင်စုမှစတင်ခဲ့ကြောင်း၊ ထိုအချိန်ကအမေရိကန်နိုင်ငံရှိ အလုပ်သမားများမှာ တစ်နေ့လျှင် အလုပ်ချိန် ၁၆ နာရီမှ နာရီ ၂၀  အထိ အလုပ်လုပ်ကြရ၍ အလုပ်ချိန် ၁၀ နာရီသာ ထားရှိ ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြရာ အလုပ်သမားထုကို ဖိနှိပ်မှုများ၊ ထောင်ချမှုများ ပြုလုပ်ခဲ့ကြသော်လည်း အလုပ်သမားထုက အလျှော့မပေးပဲ ဆက်လက်ဆန္ဒပြတောင်းဆိုခဲ့ကြရာ အနောက် ဥရောပနိုင်ငံများအထိပင် ကူးစက်ပျံနှံ့သွားခဲ့ကြောင်း၊ ၁၈၈၄ခုနှစ်တွင် ကျင်ပပြုလုပ်ခဲ့သည့် အမေရိကန်အလုပ်သမား ညီလာခံကြီးက ၁၈၈၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှ စတင်၍ တစ်ရက်လျှင် အလုပ်လုပ်ချိန် ၈နာရီသာထားရှိရန် သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိင်ငံတွင် ၁၉၃၈ ခုနှစ်တွင်မှ အလုပ်သမားနေ့ ကို ပထမဦးစွာ ကျင်းပခဲ့ကြောင်း၊ ထိုအချိန်က ရေနံချောင်း၊ ချောက်တို့မှ ရေနံမြေ အလုပ်သမားများက အလုပ်သမား အရေးတော်ပုံကြီး စတင်နေသော အချိန်ဖြစ်ပေရာ အလုပ်သမားများ၏ စိတ်ဓာတ်ကို မြင့်မားစေရန် လှုံ့ဆော်ပေးခဲ့ ကြောင်း၊ မြန်မာနိုင်ငံတွင် အလုပ်သမားနေ့ကို အလုပ်သမားသမဂ္ဂများက ဦးဆောင်ကျင်းပခဲ့ကြပြီး၊ ၁၉၆၂ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပလျက်ရှိကြောင်း ရှင်လင်းပြောကြားခဲ့သည်။

စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရန် Talk Show အစီအစဉ်များ၊ ဆွေးနွေးပွဲများအား ကျင်းပပြုလုပ်ပြီး Online အစီအစဉ် များမှ ထုတ်လွှင့်ပေးလျက်ရှိရာ စမ်းချောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ ပုံမှန် လွှင့်တင်ပေးလျက်ရှိကြောင်း သတင်းရသည်။

အေးလင်း