မိုင်းလုံမြို့ ခန္တီရပ်ကွက်ရှိ ဆုတောင်းပြည့် မြို့မကျောင်းတွင် (၁၁) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနား ကျင်းပ

မိုင်းလုံ မေ ၁

ရှမ်းပြည်နယ်‌(‌မြောက်ပိုင်း) ကျောက်မဲခရိုင် ‌မိုင်းလုံမြို့ ခန္တီရပ်ကွက်ရှိ ဆုတောင်းပြည့် မြို့မ ကျောင်းတွင်(၁၁)ကြိမ်မြောက် အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို‌ ယနေ့ နံနက်(၉)နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာကြသော အလှူရှင်များနှင့် တရားနာပရိတ်သတ်များမှ နမောတသာ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြပြီး မြို့မကျောင်း ဆရာတော် ဦးသုဘောဂထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ် ပရိတ်တရားတော်ကို နာယူခဲ့ကြပြီး တရားနာပရိတ်သတ်များက ဩကာသ ဘုရားကန်တော့ချိုးဖြင့် ကန်တော့၍  ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပြီး‌နောက် ဆရာတော် သံဃာတော်များက (၂၄) ပစ္စည်း မဟာပဋ္ဌာန်း တရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းကို မိုင်းလုံမြို့ပေါ် ရပ်ကွက်/ကျေးရွာများရှိ သံဃာတော် အရှင်သူမြတ် (၅၃)ပါးမှ အလှည့်ကျ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ပြီး (၁.၅.၂၀၂၃ မှ ၃.၅.၂၀၂၃) ရက်နေ့ထိ (၃)ရက် တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)