တောင်ကြီး မေ ၁
၂၀၂၃ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဧပြီ(၂၉)ရက်ညနေ (၃)နာရီက တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲတွင် စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးအား အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသများနှင့် ခရိုင်များအလိုက် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ရှမ်းပြည်နယ်အတွင်းရှိ ဒေသများတွင် ဘောလုံးအဆင့်အတန်း တိုးတက်မြင့်မားရေး၊ လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ် အချင်းချင်း ချစ်ခင်စည်းလုံး ညီညွတ်မှုရရှိကာ ကျန်းမာပြီးကြံ့ခိုင်သော လူငယ်များအဖြစ် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍတိုးတက်လာစေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွက် လူငယ်မျိုးဆက်သစ်များ ပိုမိုရွေးချယ်နိုင်ပြီး ထူးချွန်အောင် စဉ်ဆက်မပြတ်လေ့ကျင့်ပြီး ပြည်နယ်ဂုဏ်၊ နိုင်ငံဂုဏ်မြင့်တင်နိုင်မည့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြရန် ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဒိုင်အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အ.ထ.က(၄) ဘင်ခရာတပ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် မိုင်းဆတ်ခရိုင်အသင်းနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါ ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်းပေါင်း(၁၅)သင်းပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို အုပ်စု(၄)အုပ်စုခွဲကာ ဧပြီလ(၂၉)ရက်မှ မေလ(၅)ရက်နေ့အထိ ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)