ညောင်ဦး မေ ၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံလူရည်ချွန်စခန်းမှ ကျောက်ပန်းတောင်းမြို့နယ် အရှေ့မြောက်ဘက် (၁၁)မိုင်ခန့်ကွာဝေးသည့် ပုပ္ပား ၊တောင်ကလပ်သို့ ပုဂံလူရည်ချွန်းစခန်းမှ စခန်းမှူး ဒေါက်တာစိုးမြင့်ထွန်း (ဒုတိယညွှန်ကြားရေးမှူးချုပ်)ဦး ဆောင်သော ကြီးကြပ်သူ ဆရာ/မများလိုက်ပါလျက် ယမန်နေ့နံနက် ၈ နာရီခန့်က ပုပ္ပားတောင်သို့ လေ့လာရေးခရီးသွာရောက်ခဲ့ကြောင်း ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ထံကသိရသည်။
ထိုသို့ ပုဂံလူရည်ချွန်စခန်းမှ Grade-9 လူရည်ချွန်ကျောင်းသားကျောင်းသူများ ပုပ္ပားတောင်ကလပ်သို့ ရောက်ရှိလာခဲ့ရာ ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူး ဒေါ်မော်မော်နှင့်ပညာရေးဝန်ထမ်းများ၊ ကျောက်ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးနှင့်ဌာနဆိုင်ရာများ၊ တောင်ကလပ်ဂေါပက ဥက္ကဋ္ဌနှင့် ဂေါပကအဖွဲ့ဝင်များ ဒေသခံကျောင်းသား/ကျောင်းသူများက ကြိုဆိုခဲ့ကြသည်။
လူရည်ချွန်ကျောင်းသား/သူများသည် ပတ္တမြားစောင်းတန်းအတိုင်း တောင်ကလပ်သို့ တက်ရောက်ခဲ့ကြပြီး စောင်းတန်းတစ်လျှောက် ဘုရားများဖူးမြော်ခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းများ၊ သဘာဝရှုခင်းများကြည့်ရှုခဲ့ကြပြီး တောင်ကလပ် အောက်ခြေရှိ မူလတန်းလွန်ကျောင်းတွင် ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူး ဒေါ်မော်မော်နှင့် ဆရာ/မများမှ နေ့ခင်းစာဖြင့်ဧည့်ခံကျွေးမွေးကြသည်။ ပြီးနောက် ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသား/ကျောင်းသူများသည် သစ်တောဦးစီးဌာန၊ ပရဆေးဥယျာဉ်ပြတိုက်သို့ ရောက်ရှိကြပြီး ခင်းကျင်းပြသထားသည့် ပရဆေးပင်များ၊ ပုပ္ပားတောင်ဥယျာဉ်အတွင်း ကျင်လည်ကျက်စားသည့် ငှက်မျိုးစိတ်များ၊ လိပ်ပြာမျိုးစိတ်များ၊ ပေါက်ရောက်သည့် သစ်အမျိုးအစားများအား ပုပ္ပားတောင်ဥယျာဉ်တာဝန်ရှိသူများက ရှင်းလင်းပြသပေးပြီး လူရည်ချွန်ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြကာ ပရဆေးဉယျာဉ်အတွင်းစိုက်ပျိုးထားသည့် တိုင်းရင်းဆေး ပင်များအားလိုက်လံကြည့်ရှု လေ့လာကြသည်။
ဆက်လက်၍ လူရည်ချွန်ကျောင်းသား/ကျောင်းသူများနှင့် ကြီးကြပ်သူဆရာ/မကြီးများသည် Popa Mountain Resort တက်ရောက်ကြပြီး ပုပ္ပားတောင်မကြီးအလယ်မှ တောင်ကလပ်ရှုမျှော်ခင်းများကို ကြည့်ရှုကာ စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။
ဒီပါလင်း