မိုးကုတ် ဧပြီ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မေလ (၁)ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့အလုပ်သမားနေ့” အထိမ်းအမှတ်အဖြစ် အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေး(Talk Show) ဆွေးနွေးပွဲတွင် မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က ကမ္ဘာ့အလုပ် သမားနေ့(May Day)နေ့သည် အလုပ်သမားလူတန်းစားများအတွက် လွန်စွာအရေးပါသည့်နေ့ဖြစ်ပြီး တန်ဖိုးထားအပ်သောနေ့ဖြစ်ပါကြောင်း၊ အလုပ်သမားနေ့သည် ၁၈၅၇ခုနှစ်တွင် အမေရိကန်နိုင်ငံမှ စတင်ပေါ်ပေါက်ခဲ့ပြီး ၁၈၆၃ခုနှစ်၊ ဒီဇင်ဘာလတွင် ဒေသဆိုင်ရာကုန်သွယ်မှု (၂၈)ခုကို အကြောင်းပြုပြီး အလုပ်သမားယူနီယန်(၇၉)ခု ပေါ်ပေါက်လာခဲ့ပါကြောင်း၊ ၁၈၈၄ခုနှစ်၊ အောက်တိုဘာလ(၇)ရက်နေ့တွင် အမေရိကန်အလုပ်သမားညီလာခံကျင်းပပြီး အလုပ် သမားတိုင်းအတွက် တစ်နေ့အလုပ်ချိန်(၈)နာရီ သတ်မှတ်ပေးရန်၊ ၁၈၈၆ခုနှစ်၊ မေလ(၁) ရက်နေ့တွင် အမေရိကန်အလုပ်သမား (၁)သိန်း(၉)သောင်းကျော်က စက်ရုံအလုပ်ရုံအားလုံးကို သပိတ်မှောက်ခဲ့ပြီး ၁၈၈၉ ခုနှစ် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် အလုပ်သမားအသင်းချုပ်၏ ဒုတိယ ညီလာခံကျင်းပပြီး မေလ(၁)ရက်နေ့ကို အလုပ်သမားနေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ၁၈၉၀ ခုနှစ်၊ မေလ(၁)ရက်နေ့မှအစပြုပြီး ကမ္ဘာအရပ်ရပ်မှာ ကမ္ဘ့ာအလုပ်သမားနေ့ (May Day)နေ့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းခွာညိုနှင်းက မြန်မာနိုင်ငံတွင် ၁၉၁၈ခုနှစ်၊ ၁၉၁၉ ခုနှစ်တွေမှာ ရေနံမြေမှ BOC အမှုထမ်းစာရေး (၂၀၀)ကျော်တို့က ၎င်းတို့ရသင့်ရထိုက်သည့် နှစ်တိုး၊ လစာငွေမှန်မှန်ရဖို့ရန်နှင့် လစာမပျက်ခွင့်ရရှိရေးတို့အတွက် သပိတ်မှောက်ခဲ့ကြောင်း၊ ၁၉၂၀/၂၁ခုနှစ်တို့တွင် သံလျှင် BOC ရေနံအလုပ်သမား(၈၀၀)ခန့်က လုပ်ခတိုးပေးရေးအတွက် သပိတ်မှောက်ခဲ့ကြောင်း၊ ၁၉၂၃ခုနှစ်၊ မတ်လ(၁၃)ရက်နေ့တွင် ရေနံချောင်းနှင့်ချောက်ရေနံမြေတို့မှ အလုပ်သမား(၂၀၀)ကျော်တို့က သပိတ်မှောက်ခဲ့ပြီး ၎င်းတို့၏လိုလားချက်တွေကို တောင်းဆိုခဲ့ကြောင်း၊ ၁၉၃၈ ခုနှစ်၊ ချောက်ရေနံမြေအလုပ်သမားများသည် မိုင်ပေါင်း(၄၀၀)ကျော်ဝေးသည့် ချောက်မြို့မှ ရန်ကုန်မြို့အထိ ခြေလျင်ခြေတက်ပြီး ဆန္ဒပြခဲ့ကြောင်း၊ ဆန္ဒပြမှုတွင် တောင်သူလယ်သမား၊ ကျောင်းသား၊ ပြည်သူတစ်ရပ်လုံးပါဝင်ခဲ့သည့်အတွက် ၁၃၀၀ ပြည့် အရေးတော်ပုံကြီးအဖြစ် ထင်ရှားလာခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် အလုပ်သမားနေ့ကို ၁၉၃၈ ခုနှစ်၊ မေလ(၁)ရက်နေ့က ရေနံချောင်းမြို့၌ စတင်ကျင်းပကာ အခမ်းအနားတွင် သခင်ဘမောင်က အလုပ်သမား စည်းလုံး ညီညွတ်မှုကို အားသွန်ခွန်စိုက်ပြောကြာင်းခဲ့ပါကြောင်း စသည့်တို့ကိုဖြည့်စွက်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)