ဆီဆိုင် ဧပြီ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု တောရကျေးရွာ၌ နွေရာသီကာလ ပူပြင်းခြောက်သွေ့ပြီး သောက်သုံးရေရှားပါးပြတ်လပ်မှုကြောင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေဂါလန် ၁၀၀၀ ကို ယမန်နေ့ နံနက်ပိုင်းတွင် ကျေးရွာအရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သောက်သုံးရေများ ဖြန့်ဝေပေးလှူဒါန်းရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီမှူးဦးထျာရယ်နှင့် ဝန်ထမ်းများက လွယ်ပွတ်ကျေးရွာအုပ်စု၊ တောရကျေးရွာရှိ အိမ်ခြေ ၁၂၉ အိမ်၊ လူဦးရေ ၆၅၆ ဦးအတွက် သောက်သုံးရေ အဆင်ပြေစေရန် ရေဂါလန် ၁၀၀၀ ဆန့် ရေသယ်ယာဉ်တစ်စီးဖြင့် အဆိုပါကျေးရွာအရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့သည်။
အဆိုပါကျေးရွာ၌ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ၅ ရက်တစ်ကြိမ် ဆက်လက်ဖြန့်ဝေလှူဒါန်းပေးသွားမည်ဖြစ်ပြီး ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများအနေဖြင့် နွေရာသီကာလ သောက်သုံးရေရှားပါးပြီး ပြတ်လပ်မှုအခက်အခဲရှိပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဖုန်း 09-421136170 သို့အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)