ကျောက်တန်းမြို့နယ်တွင် Lock down ချထားသည့် အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန် (၁၁)မျိုးနှင့် အလှူငွေများ လှူဒါန်း

ကျောက်တန်း အောက်တိုဘာ ၅


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ(၉၉)ဦး ရှိပြီဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ထိန်းချုပ်နိုင်ရန်အတွက် အဆိုပါ လူနာများနှင့် ထိတွေ့ခဲ့သည့် မိသားစုဝင်များအား မိမိတို့နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန် Lock down ချထားဆောင်ရွက်ခဲ့သည်။
ထိုသို့ Lock down ချထားဆောင်ရွက်စဉ် မိသားစုဝင်များ၏ စားဝတ်နေရေးအခက်အခဲများကို အထိုက် အလျောက် ပြေလည်စေရန်အတွက် ကျောက်တန်းမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ကူညီထောက်ပံ့ရေးအဖွဲ့မှ Lock down ချထားသော အိမ်ထောင်စု(၄၄)စုအား အခြေခံစားသောက်ကုန် (၁၁)မျိုးနှင့် အလှူငွေများကို ယမန်နေ့ ညနေပိုင်းက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုတွင် အလှူငွေနှင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကုလားပဲ၊ မြေပဲ၊ ငရုပ်သီးမှုန့်၊ အချိုမှုန့်နှင့် ငပိ စသည့် စားသောက်ကုန် များကို လူဦးရေအချိုးအစားအလိုက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ခင်ဆွေဝင်း  (ကျောက်တန်း)