မိုးညှင်းမြို့ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ သားအမိ(၂)ဦး ဆေးရုံဆင်းခွင့်ရ

မိုးညှင်း          အောက်တိုဘာ   ၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၂)ဦး ကျန်းမာရေးကောင်းမွန် သွားပြီ ဖြစ်သဖြင့် ယမန်နေ့နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း မိုးညှင်းခရိုင် ဆေးရုံအုပ်ကြီး ဒေါက် တာလာမာမီးက ပြောကြားသည်။

“မနေ့က နံနက် ၁၀ ခွဲက ဆင်းခွင့်ပေးလိုက်ပြီ၊ အိမ်မှာတစ်ပတ်တိတိသီးခြားနေဖို့ရယ်၊ ပါးစပ်နှားခေါင်းစည်း အမြဲတပ်ဆင်ဖို့ရယ်၊ အိမ်သားတွေနဲ့ ၆ ပေအကွာမှသာ ပြောဆိုဆက်ဆံဖို့ရယ် အခန်းသီးခြားခွဲနေဖို့ရယ် မှာကြားလိုက်တယ်” ဟု ဒေါက်တာလာမာမီးကပြောကြားသည်။ 

ယခုဆေးရုံမှဆင်းခွင့်ရရှိသူများသည် မိုးညှင်းမြို့ အရှေ့စုရပ်ကွက်မှ သားအမိတော်စပ်သူများဖြစ်ကာ စက်တင်ဘာလ (၁၅)ရက်နေ့တွင် အနံ့အရသာ ပျောက်သဖြင့် စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိမိုးညှင်းဆေးရုံတွင် ကျန်းမာရေးဝန်ထမ်း(၄)ဦး အပါအဝင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၅) ဦး ကျန်ရှိနေပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက် ရှိကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ထံမှ သိရသည်။

ကချင်ပြည်နယ်တစ်ခုလုံး အတိုင်းအတာအရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ စုစုပေါင်း ၄၉ ဦးအထိရှိပြီ ဖြစ်ပြီး ၎င်းတို့အထဲမှ ၂၆ ဦးမှာ ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး လက်ရှိ ၂၃ ဦးမှာ သက်ဆိုင်ရာ ဆေးရုံများတွင် ကုသမှုခံယူလျက်ရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ စက်တင်ဘာလ ၄ ရက်နေ့ ညနေ(၅) နာရီအချိန် ထုတ်ပြန်ချက်များအရ သိရသည်။

ကျော်ကျော်ထွေး(ပြန်/ဆက်)